Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီးနှင့် ဌာနဆိုင်ရာများက ကြဲကျေးရွာနေ ပြည်သူများတွေ့ဆုံ၍ သံကူကွန်ကရစ်တံတားနှင့် တို−တန်းရှင်းလမ်းကျောက်ချောခင်းခြင်း ဆောက်လုပ်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေး

ပုလော သြဂုတ်လ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန်က ပုလောမြို့နယ် ကြဲကျေးရွာ မူလွန်ကျောင်း၌ ကြဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲ၌ ၀န်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရန်ကျန်ရှိနေသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်ပါ၀င်နိုင်ရန် မဲဆန္ဒရှင်စာရင်းများကြည့်ရှုရန်လိုအပ်ကြောင်း၊ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်နိုင်ရန် ရပ်ကွက်/ကျေးရွာကော်မရှင်များထံ ပုံစံများတောင်းခံ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လူငယ်များလမ်းမှားမရောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ကြောင်း၊ သဘာ၀ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့ကြစေလိုကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီ သိရှိမှသာလိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြိုနယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့က ၄င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြောင်းနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ၀န်ကြီးနှင့် တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် မီးလောင်ချောင်းကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန ရန်ပုံငွေဖြင့် စွမ်းထက်မင်းကုမ္ပဏီမှ ဆောင်ရွက်သည့် အလျား (၆၀) ပေရှိသော သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်သော လမ်းအရှည် (၁) မိုင်၊ တို−တန်းရှင်းကျေးရွာ ကျောက်ချောလမ်းခင်းခြင်းပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)