နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ (၁၆) ကြိမ်မြောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိပြည်ထောင်စု ရာထူးဝန်အဖွဲ့၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက လူသားတို့အတွက် အထောက်အပံ့ကောင်းများ ရရှိစေသောကြောင့် နှစ်စဉ်သစ်ပင်များ စိုက်ပျိုးရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ဂေဟစနစ်များ တိုးတက်လာစေရန် နှစ်အလိုက် သစ်ပင်များ ပုံမှန် စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီး သစ်ပင်များကိုလည်းရှင်သန်ဖြစ် ထွန်းစေရေး ဝန်ထမ်းများအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ပျိုးပင်များကို အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များထံသို့ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် သတ်မှတ်နေရာ၌ ရတနာတန်းဝင် ကျွန်းပင်ကို စတင်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အရာထမ်း၊ အမှုထမ်းများ သစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ထမ်းများက ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း စသော နှစ်ရှည်ပင်၊ ပန်းအလှပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၆၆ ပင်ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်