Skip to main content

China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်  ဇူလိုင်  ၂ 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ဇူလိုင် ၄ ရက်မှ ၅ ရက်အထိ ကျင်းပမည့် China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါဖိုရမ်၌ “ထွန်းသစ်စစက်မှုလုပ်ငန်းများ၌ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် အရေးပါသည့် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့် မျှဝေမှု (Openness, Inclusiveness, Coordination and Sharing for Practical Cooperation in Emerging Industries) ခေါင်းစဉ်ဖြင့် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ၊ ဒီဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်အီလက်ထရောနစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းဖိုရမ်သို့တက်ရောက်ခြင်းဖြင့် တရုတ်-အာဆီယံစက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ခြင်း၊ စိတ်ကူးသဘောထားအမြင်ချင်းဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ဖိုရမ်သို့ ကွမ်တုံးပြည်သူ့အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကော်မရှင်များမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စက်မှုကျွမ်းကျင်သူများနှင့် သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် စက်မှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာ(၁)ဦးတို့ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြကြောင်း သိရသည်။

(သတင်းစဉ်)