Skip to main content

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင်  ၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး အဆင့်မြင့် (၇)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့်(၇)ထပ်ဆောင်ကို အရည်အသွေးအကောင်းဆုံး ဖြစ်အောင် ဆောက်လုပ်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးကို စံကိုက် အရည် အသွေးပြည့်မီအောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန်လိုကြောင်း၊ သို့မှသာ ပြည်သူလူထု အနေဖြင့် စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မည်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများကလည်း အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု (Quality health care) ပေးနိုင်မည်ဖြစ်ကြောင်း။

ယခု ဆောက်လုပ်လျက်ရှိသည့် (၇)ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံယူနိုင်ရန်အတွက် သွေးနှင့် သွေးကင်ဆာ ရောဂါကုသဆောင်၊ ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်ကို ထည့်သွင်းစီစဉ်သွားမည် ဖြစ်ကြောင်း၊ သင်ကြားရေးဆေးရုံဖြစ်သည့်အတွက် စာသင်ခန်းများကိုလည်း အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပါမာက္ခ/ဌာနမှူးများအနေဖြင့် အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အကြံဉာဏ်ပေးစေလိုကြောင်း၊ အဆောက်အဦ တည်ဆောက်မှုလုပ်ငန်း မြန်မြန်ပြီးစီးပါက ပြည်သူများအတွက် မြန်မြန်အကျိုးရှိမည် ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)က ဘဏ္ဍာနှစ်အလိုက် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် မြို့ပြလုပ်ငန်းများ ဖြစ်သော ရေသန့်လုပ်ငန်းများ၊ လျှပ်စစ်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် များနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင် အဆောက်အဦ ဘေးအန္တရာယ် စိတ်ချမှုရှိစေရေး၊ မီးဘေးလုံခြုံမှုရှိစေရေး၊ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝယ်ယူထားသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင်ကို နိုင်ငံတော်အစိုးရမှ ငွေကျပ် (၂၁ ဒသမ ၈၉၇)ဘီလီယံ အကုန်ကျခံ ဆောက်လုပ်ပေးလျက်ရှိကာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပြီးစီး မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)