ရန်ကုန် ဇူလိုင် ၁
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM တို့ ပူးပေါင်းကျင်းပသော သိပ္ပံပွဲတော်၂၀၂၃ တတိယ နေ့ကို ယမန်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ တို့၌ ဆက်လက်ကျင်းပသည်။
ပွဲတော် တတိယနေ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ROSATOM မှ တာဝန်ရှိသူများနှင့် National Research Nuclear University MEPhI (Moscow Engineering Physics Institute) မှ ပါမောက္ခများ တက်ရောက်ကြ သည်။
ကြည့်ရှုအားပေး
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ အဏုမြူစွမ်းအင်ဦးစီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့မှ ခင်းကျင်းပြသ ထားသောပြခန်းများ၊ ပိုစတာများဖြင့် ရှင်းလင်းတင်ပြမှုများ၊ လေ့လာနေမှုများကို ကြည့်ရှု အားပေးကာ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုကောင်းစွာ အထောက်အကူပြုနိုင်မည့် စွန့်ဦးတီထွင်နည်းပညာများ၊ သုတေသနရလဒ်များ ရရှိလာသည်အထိ ကြိုးပမ်းဆောင်ရွက်၍ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက MSME လုပ်ငန်း ရှင်များ၏ လက်ဝယ်အရောက် နည်းပညာများကို ဖြန့်ဖြူးပေးရန် မှာကြားသည်။
ဆက်လက်၍ နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာသို့ရောက်ရှိပြီး လာရောက်လေ့လာကြသည့် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများကို အားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နျူကလီးယားနည်းပညာသတင်းအချက် အလက်စင်တာတွင်ကျင်းပသောသိပ္ပံပွဲတော် ၂၀၂၃ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရုပ်ရှင်ပြသ
အခမ်းအနားတွင် “Nuclear Now” ရုပ်ရှင်ကိုပြသပြီး ရုပ်ရှင်တွင် ပါဝင်သောအကြောင်းအရာ များနှင့်စပ်လျဉ်း၍တက်ရောက်သူများ၏ မေးမြန်းမှုများကို MEPhI မှ ပါမောက္ခများက ပြန်လည်ဖြေကြားကြသည်။
သိပ္ပံပွဲတော် ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေ သည့် လူငယ်ပညာရှင်များအထိ နျူကလီးယား နည်းပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များနှင့် အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားစေပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများအား လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင်လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နျူကလီးယားစွမ်းအင်ဆိုင်ရာအသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်တွင်သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်