Skip to main content

မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေး

နေပြည်တော် ဇူလိုင် ၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမစ္စတာ အဲကွာဒိုဟိုဆေးဒီဗေဒဂါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန် ၃၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အား ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြားလူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံပြည်ဝင်ဗီဇာခွင့်ပြုဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ နေခွင့်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့်လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံအပြန်အလှန်ကူညီ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်