Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက်ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာလှပရေးအတွက် အစိုးရရပ်ကွက်၊ ပင်လယ်ကမ်းခြေအနီးရှိ ဦးဥတ္တမပန်းခြံဝန်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းနေအိမ်လိုင်း ခန်းခြံဝန်းတို့အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် ငလပွေ့ရပ်ကွက်နှင့် ကုလာဘာတောင်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်နေပြည်သူများ၏နေအိမ်များ၌ မြို့ပေါ်ပရဟိတအဖွဲ့များမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်-မောင်တောသွား လမ်းဘေးဝဲ/ယာရှိ အမှိုက်များ၊ ချုံနွယ်များ၊ ပေါင်းပင်ခုတ်ထွင်ရှင်းလင်းခြင်း၊ အနောက်ရပ်ကွက်၊ မေယုလမ်းတစ်လျှောက်နှင့် ရွာမကျေးရွာအုပ်စု၊ အိုး/အိမ် ဝန်ထမ်းအိမ်ရာတို့၌ မြို့နယ်၊ ကျေးရွာ သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။

ထို့ပြင် တောင်ရပ်ကွက်ရှိ ဝေနေယျသုခပရဟိတစာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ပြီး အဆိုပါကျောင်းတိုက်၌ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို ကြည့်ရှုအားပေးကာ ဆရာတော် ကြီးအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ကျောင်းသူ/ကျောင်းသားများအား အဟာရဖြည့်နေ့လယ်စာကျွေးမွေးနေမှုတို့ကို ကြည့်ရှုပြီး လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မည့်ပစ္စည်းများအား မီးရထားဆိပ်ရပ်ကွက်၊ စားသုံးသူရေးရာဂိုဒေါင်သို့ သယ်ယူပို့ဆောင်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူတို့အားကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။

ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်း၌ သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ကျောင်းသန့်ရှင်းရေးပြုလုပ် နေသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြားခဲ့သည်။

အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လေဘေးသင့်တောင်သူများ၏ စပါးစိုက်ပျိုးရေး ကဏ္ဍ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများအား ရသေ့တောင်ဆိပ်ကမ်း၌ စိစစ်လက်ခံခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ဖြန့်ဝေပေးနိုင်ရေးလုပ်အားပေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦးနှင့် တာဝန်ရှိသူများသည် ကျောက်တော်ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံး (လျာထား) မြေနေရာ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ်တင်ဆွေနှင့် တာဝန်ရှိသူများသည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်း ပေ ၁၅၀၀ အရှည်ရှိ ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ မြို့မတောင်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး ကျောင်းခြံဝန်းအတွင်းရှိ မြက်ပင်၊ ပေါင်းပင်များ၊ ချုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးမြို့တွင်းသို့သွယ်တန်းထားသော ၁၁ ကေဗွီ ဓါတ်အားလိုင်းကြိုးများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။