နေပြည်တော် ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဂန့်ကော်ကျွန်းကျေးရွာရှိ မိုခါ (MOCHA) မုန်တိုင်းသင့် ဒေသခံပြည်သူများ၏နေအိမ်များအတွက် ရန်ကုန်မြို့ရှိ သုဇာတာအလှူရှင်အဖွဲ့ကပေးပို့လှူဒါန်းသည့် အိမ်မိုးသွပ်၊ ခေါင်အုပ်သွပ်၊ သွပ်မိုးသံများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့်တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ရန်ကုန်မြို့မှသုဇာတာအလှူရှင်အဖွဲ့က ပေးပို့လှူဒါန်းသည့် ဂန့်ကော်ကျွန်းကျေးရွာရှိ လူနေအိမ် ၂၃၀ လုံးအတွက် အိမ်အမိုးသွပ် ၆၀၀၀ ချပ်၊ အိမ်ခေါင်သွပ် ၈၀၀ ချပ်နှင့် သွပ်မိုးသံ ၂၀ ဖာတို့ကို ကျေးရွာမှတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂန့်ကော်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယထံ သွားရောက်ဖူးမြော်ာ်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာရှိလိုတရလျောင်းတော်မူဘုရားဝန်းအတွင်းရှိ အာရုဏ်ခံတန်ဆောင်းတို့အား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ အာရုဏ်ခံတန်ဆောင်းအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အထူးဆေးကုသရေးအဖွဲ့မှ သမားတော်များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အထူးဆေးကုသရေးအဖွဲ့သည် ဂန့်ကော်ကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ မုန်တိုင်းသင့်ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အရိုး/အကြောရောဂါများ၊ အထွေထွေရောဂါများနှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင် ကုမ္ပဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံမိတ်ဆွေများမှ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော ထမင်း/ဟင်းလျာဘူးများ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။