Skip to main content

ဘုရားတည်ထား ကုသိုလ်စေတနာပြန့်ပွား

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ၇ ရက်သားသမီး ဘုရားဒါယကာ၊ ဘုရားဒါယိကာမတို့က ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း၌ တည်ဆောက်ပူဇော်လျက်ရှိသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိနေမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာစစ်စစ်ကို ယုံကြည်ကိုးကွယ်သည့်နိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို မပျောက်ပျက်စေရန် ကုန်းဘောင်ခေတ်မင်းတုန်းမင်းလက်ထက်၌ ပဉ္စသင်္ဂါယနာတင်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်ဝန်ကြီးချုပ် ဦးနုလက်ထက်၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။ ထို့ကြောင့် ထေရဝါဒဗုဒ္ဓသာသနာ ခိုင်မာစွာပေါ်ထွန်းခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူကိုးကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော် သာယာဝပြောမှုရှိခြင်းဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရမည်၊ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် လှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန် လွှဲအပ်ခဲ့သည်။ အဆိုပါကျောက်တော်ကြီးကို ပညာရှင်များကတွက်ချက်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လ၌ အကြမ်းပုံဖော်ခဲ့သည်။ ဆင်းတုတော်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌ ခေတ်အလိုက်တည်ထားဆောင်ရွက်ခဲ့သည့် ရုပ်ပွားတော်များအနက်မှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက် ဗိသုကာယဉ်ကျေးမှုထွန်းကားခဲ့သောနိုင်ငံဖြစ်သည်။ ၁၈၈၅ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့်အချိန်မှစ၍ မြန်မာ့ယဉ်ကျေးမှုမှာ အဆက်ပြတ်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ပျောက်ကွယ်သွားခဲ့သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ပြန်လည်ထုတ်ဖော်ရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စကျင်တောင်မှ ကျောက်တော်ကြီးသယ်ဆောင်ရေးကို တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော်(ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်ပြီး ဆီမီးခုံဆိပ်ကမ်းသို့ ရေယာဉ်များဆိုက်ကပ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့်ဆောင်ခဲ့ကြသည်။ တန်ချိန် ၈၁၅၈ တန်ကို ကိုးကြိမ်ပင့်ဆောင်ခဲ့သည်။ ရေလမ်းဖြင့် ကြီးမားသည့် ကျောက်တုံးတော်ကြီးများ ပင့်ဆောင်နိုင်မှုသည် ကမ္ဘာတွင်မှတ်တမ်းဝင်ခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်တုံးတော်များအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဆိပ်ကမ်းမှ နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် စတင်ပင့်ဆောင်ခဲ့သည်။ ကျောက်တုံးတော်များ သယ်ဆောင်ရာတွင် လမ်းတစ်လျှောက် ရှောင်ကွင်းလမ်းများဖောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုန်းလမ်းခရီးဖြင့် အချိန်အားဖြင့် လေးလအကြာတွင် ခုနစ်ခေါက်သယ်ယူခဲ့သည်။

ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်နှင့် နိုင်ငံရေးအကျပ်အတည်းများကြားမှ သာသနာတော်အတွက် ခက်ခက်ခဲခဲအစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပေသည်။ အလေးချိန်အများဆုံး စကျင်ကျောက်တော်ကြီးများအား အဝေးဆုံးရေလမ်းနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဘုရားကြီးကို ပြီးပြည့်စုံအောင် တည်ထားနိုင်ခဲ့သည်။ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များနှင့်အညီ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များပြည့်စုံစွာတည်ဆောက်ထားသည်။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးတည်ဆောက်ထားပြီး ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ရာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အေးမြသည့်အရိပ်အာဝါသအောက်တွင် အားလုံးအေးချမ်းသာယာ ချမ်းမြေ့စွာဖြင့် ကောင်းမှုကုသိုလ်များပွားများအားထုတ်နိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်မှုကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါကြောင်း။          ။

ကြေးမုံ,အယ်ဒီတာ့အာဘော်