ဂန့်ဂေါ ဩဂုတ် ၁၆
ကျေးရွာမီးလင်းရေးဖွင့်ပွဲကို ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာအုပ်စု၊ သင်တောကျေးရွာ ထရန်စဖော်မာအနီး၌ ယမန်နေ့နံနက်ကပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အော်ရွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် သင်တောကျေးရွာရှိ စေတီ၊ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ကျေးရွာရုံး၊ ကျေးရွာလမ်း၊ လူနေအိမ်(၂၂၀)တို့တွင် လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့တွင် နှမ်းခါးကျေးရွာအုပ်စု တော်ဝင်ကျေးရွာ၊ တောင်ခင်ရန်းကျေးရွာ၊ သာလင်းကျေးရွာ၊ ရွှေဘိုကျေးရွာ၊ မြောက်ခင်ရန်းကျေးရွာ၊ ကုက္ကားကျေးရွာနှင့် ဟံသာဝတီကျေးရွာ များတို့တွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲများကျင်းပကြကြောင်းနှင့် အဆိုပါကျေးရွာများရှိ အိမ်ခြေပေါင်း (၄၁၁၀)မှ ပြည်သူ (၂၂၆၂၃)ဦးတို့သည် လျှပ်စစ်မီးနှင့်လျှပ်စစ်ဓါတ်အားတို့နှင့်ဆက်စပ်သည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလင်းရေးဖွင့်ပွဲများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်ဇိုးခိုင်၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာများ မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)