ရွှေဘို ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲက ရွှေဘိုမြို့မဟာနန္ဒာကန်တော်(၁) ရှင်းလင်းဆောင်အတွင်း ကျင်းပပြုလုပ်သော စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 Economic Relief Plan CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့် မဟာနန္ဒာကန်တော်(၂) အတွင်းသို့ ငါးသားပေါက်နှင့် ရေချိုပုဇွန်သားပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငါးမွေးတောင်သူများအနေဖြင့် ငါးကန်များ တူးဖော် ဆောင်ရွက်ရာတွင် အခြားနည်းသုံးစွဲခွင့်ရမှာသာ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် မိမိတို့မှ ခွင့်ပြုပေးမှာဖြစ် ကြောင်း၊ သားငါးကဏ္ဍဖွံ့ဖြိုးရေး ကူညီပေးမှာဖြစ်ပါကြောင်းအမှာစကားပြောကြားသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းက ငါးလုပ်ငန်းဦးစီးဌာန၏ ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး ငါးတောင်သူ (၁၉) ဦး အတွက် ငါးကန်တစ်ဧကလျှင် ငါးသားပေါက်(၂၀၀၀)ကောင်နှုန်းဖြင့် စုစုပေါင်း ငါးကန်ဧကပေါင်း (၁၄၈.၅၉)ဧက အတွက် ငါးသားပေါက် (၂၉၇၇၂၀) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွှေဘိုမြို့ မဟာနန္ဒာကန်တော်(၂) အတွင်းသို့ငါးမြစ်ချင်း ငါးသားပေါက် တစ်သိန်းခွဲ ရေချိုပုဇွန်သားပေါက် ကောင်ရေ နှစ်သောင်းတစ်ထောင်ကောင် တို့ကို မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)