ရွှေဘို ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးသည် ရွှေဘိုခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင် လိုက်ပါ၍ ယမန်နေ့ နေလယ်ပိုင်းက ရွှေဘိုခရိုင် အတွင်းရှိ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်လက်မြို့နယ် ဟန်လင်း ရှေးဟောင်း သုတေသန ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်း အသုံးအဆောင် ပစ္စည်းများကို လည်းကောင်း၊ ဟန်လင်းမြို့ဟောင်းအတွင်းရှိ သမိုင်းဝင် ဘုရားစေတီပုထိုးများအား ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအခြေအနေတို့အား လည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဟန်လင်းမြို့ဟောင်း အဝင်မုခ်ဦး တည်ဆောက်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဟန်လင်းမြို့ဟောင်းရှိ ရွှေကူကြီးစေတီတော်အား ဖူးမြှော်ကြည်ညို၍ ပန်းရေချမ်း ဆီမီးတို့နှင့် ရွှေသင်္ကန်များ ကပ်လှူပူဇော်ခဲ့ပြီး ကမ္ညာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းအတွင်းရှိ အထင်ကရ ထိန်းသိမ်းထားသော ရှေးဟောင်းမြို့ရိုး အုတ်တံတိုင်းများ၊ ဘုရားစေတီပုထိုးများနှင့် ရေပူးစမ်း အပန်းဖြေ နေရာများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားများ လာရောက် လေ့လာနိုင်အောင် အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ရွာအဝင်လမ်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးကို အထူးအလေးထား၍ ကျန်ရှိသော ရွာအဝင် ကွန်ကရစ်လမ်း အလျားပေ(၁၀၀၀) ခန့် အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ထွန်းကိုကို(ယင်းမာပင်)