မိုးမိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်၈ နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်း၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ခဲ့သည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံပညာကျောင်းများကို တိုးမြှင့်ဖွင့်လှစ်ပေးခြင်း၊ သင်ရိုးသစ်များ ပြောင်းလဲ၍ သင်ကြားမှုစနစ်သစ်များဖြင့် လေ့ကျင့်သင်ကြားပေး လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရှမ်းပြည် မြောက်ပိုင်းတွင် ထက်၊ လယ်၊ မူ ကျောင်းအဆင့်တိုးသည့်ကျောင်းပေါင်း (၁၈၇) ကျောင်းရှိကြောင်းနှင့် ပညာရေးတိုးတက် ဖွံ့ဖြိုးရေး ဟာ နိုင်ငံတော်တိုးတက်ရေးတွင် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်က အမှာစကားပြောကြားခဲ့ရာပြီး ပြည်နယ်လူမှုရေးဝန်ကြီးက အခြေခံပညာအထက်တန်း ကျောင်းခွဲ သစ်ဆိမ့်ကုန်း၊ အခြေခံပညာ အထက်တန်းကျောင်း( မန်ကျည်းပင်)နှင့် အခြေခံပညာ အထက်တန်းကျောင်း( ညောင်ပင်စောက်) တို့အတွက် ဗလာစာအုပ် ဒါဇင်(၅၀)စီနှင့် Mask အခု(၄၀၀)စီကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာဒေသခံ တစ်ဉီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)