Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၃ ကျင်းပ

ရန်ကုန် ဇွန် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ တက္ကသိုလ်များမှကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သိပ္ပံပွဲတော်ကျင်းပခြင်း အားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့်ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာ ဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ် လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်းနှင့် မီဒီယာများမှတစ်ဆင့် နိုင်ငံ အတွင်း နျူကလီးယားစွမ်းအင် ဆိုင်ရာအသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏သိပ္ပံနှင့်နျူကလီးယားစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky က ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းများနှင့် ပညာရေးဝန်ကြီးဌာန၏ ရွေ့လျားသိပ္ပံပြခန်းများကိုလှည့်လည် ကြည့်ရှုလေ့လာကြသည်။

အဆိုပါ သိပ္ပံပွဲတော်ကိုရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာတို့တွင် ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် နျူကလီးယားနည်းပညာနှင့်သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီးဆုများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူ လူငယ်ပညာရှင်များပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေးအစီအစဉ်များ၊ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများက နျူကလီးယား စွမ်းအင်နှင့် ဆက်စပ် သိပ္ပံခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများကပြန်လှန်မေးမြန်း ဆွေးနွေးခြင်းများ၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းအစီအစဉ်များ ပါဝင်သည်။

ယနေ့ သိပ္ပံပွဲတော်ကျင်းပစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ "ROSATOM" ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်၍နိုင်ငံတော်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယား နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲညှိနှိုင်းကော်မတီ ဆွေးနွေးပွဲကိုကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များ စုံလင်စွာတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်