Skip to main content

တရုတ်နိုင်ငံ စီးပွား/ကူးသန်းပညာသင်ဆု မြန်မာကျောင်းသား ကျောင်းသူ ၁၂၉ ဦး ရရှိခဲ့

ရန်ကုန် သြဂုတ် ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာ့ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍအတွက် ပူးပေါင်းကူညီသည့် အနေဖြင့် မြန်မာကျောင်းသား ကျောင်းသူ များကို ပညာသင်ဆုများ ပေးအပ်လျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ် စာရင်းများအရ မြန်မာ ကျောင်းသား ကျောင်းသူပေါင်း ၁၂၉ ဦးအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါပညာသင်ဆုနှင့် ပတ်သက် ၍ Mr. Tan Shufu က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ၌ ပွင့်လင်းမြင်သာစွာ ကူးလူးဆက်ဆံရေး၊ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက် ရေးကို အစဉ်တစိုက် များစွာအလေးထား ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရားမျှတခြင်း၊ အားလုံးပါဝင်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်းစသည့် ကမ္ဘာ့ပြည်သူများ၏ ဘုံလိုအင်ဆန္ဒကို ပါဝင် ထောက်ကူနိုင်ရန် ရည်ရွယ်၍ ၎င်းတို့၏ ပညာသင်ဆု ပေးအပ်မှုအစီအစဉ်ကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်း ကပြော သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ ပညာသင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကယ်ဒမီ (Institute of South-South Cooperation and Development)၊ ပီကင်းတက္ကသိုလ်၊ ချင်းဟွာတက္ကသိုလ်၊ ကျုံးစန်းတက္ကသိုလ်နှင့် တရုတ်ပြည်သူ့တက္ကသိုလ် စသည်တို့၌ ပညာများဆည်းပူးသင်ကြားစေခဲ့ခြင်း ဖြစ်သည်။

ပညာသင်ဆု ရရှိခဲ့ပြီး မြန်မာကျောင်းသား ကျောင်းသူ ၁၂၉ ဦး အနက် ယခု ၂၀၂၀ ပြည့်နှစ်တွင် ပညာသင်ယူပြီးဆုံး အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား သြဂုတ် ၁၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံ ဘွဲ့နှင်းသဘင် အခမ်းအနားများသို့ တက်ရောက်ယူနိုင်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယင်းကဲ့သို့ တစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာကာစိုး