မန္တလေး ဩဂုတ် ၁၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး (၃) တိုက်သို့ ထာဝရဆွမ်း ပဒေသာပင် ငွေကျပ်သိန်း (၅၀) စီ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေသာစည် အလယ်ကျောင်းကြီး၌ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဌဂုရု တွဲဖက်ရွှေကျင်သာသနာပိုင် စည်ရှင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာ ဘိဝံသ ထံမှ ငါးပါး သီလ ခံယူဆောက်တည်ပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူ၍ သာသနာရေးဆိုင်ရာများ ပြန်လည် လျှောက်ထားကာ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း(၅၀) စိုက်ထူလှူဒါန်းပြီး အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာရာမ ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တသုဇနပီယထံမှ ဩဝါဒခံယူပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း (၅၀) စိုက်ထူလှူဒါန်းသည်။ ယင်းနောက် ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆိုကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလနှင့် ဓမ္မဓရ ဒေါက်တာအရှင်ကုမာရတို့ထံ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း (၅၀) စိုက်ထူလှူဒါန်း ပြီး အနုမောဒနာတရားများ နာယူကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ထို့မှတဆင့် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ ဇီဝိတဒါနသံဃဆေးရုံကြီးသို့ ရောက်ရှိပြီး ဇီဝိတဒါနသံဃ ဆေးရုံ စီမံခန့်ခွဲမှု ဗဟိုကော်မတီနာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားကာ ဇီဝိတဒါနသံဃဆေးရုံကြီးအတွက် ဆွမ်းပဒေသာပင် ငွေကျပ် (၁၅)သိန်း လှူဒါန်းသည်။ ဆက်လက်၍ ဇီဝိတဒါနသံဃဆေးရုံ ကျောက်ကပ်ဌာနတွင် ဆေးကုသမှုခံယူနေသော သံဃာတော်များအား လိုက်လံကြည်ညိုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)