နေပြည်တော် ဩဂုတ် ၁၅
(၂၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)၌ ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ပဒိုစောတာဒိုမူး(KNU)၊ ဦးမျိုးဝင်း(ABSDF)၊ စောမြရာဇာလင်း (ALP)၊ ခွန်မြင့်ထွန်း (PNLO) နှင့် နိုင်အောင်မငေး(NMSP)၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွှန့်(SNLD)၊ တာလှဖေ (တအာင်း (ပလောင်))၊ ဦးသိန်းထွန်း(NUP)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာများ တင်သွင်းရေးကိစ္စ၊ ညီလာခံဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ညီလာခံရက်အလိုက် အစီအစဉ်နှင့် ကျင်းပမည့်ပုံစံ၊ ညီလာခံပထမနေ့အစီအစဉ်၊ ညီလာခံ သဘာပတိများကိစ္စ၊ ညီလာခံအကျိုးဆောင်များကိစ္စ၊ ညီလာခံတွင် UPDJC အတွင်းရေးမှူးများ လုပ်ငန်းတာ ဝန်ခွဲဝေမှု၊ UPDJC အဖွဲ့ဝင်များ အစားထိုးပြောင်းလဲ တာဝန်ပေးအပ်သည့်ကိစ္စနှင့် (၁၉) ကြိမ်မြောက် UPDJC အစည်းအဝေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်း-မျိုးနိုင်ဟန်
ဓာတ်ပုံ- ကိုထိန်