ရွှေဘို ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲက ရွှေဘိုမြို့ မဟာနန္ဒာကန်တော်တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း COVID-19 Economic Relief Plan CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့် မဟာနန္ဒာကန်တော်(၂) အတွင်းသို့ ငါးသားပေါက်နှင့် ရေချိုပုဇွန်သားပေါက်များ မျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငါးမွေးတောင်သူများအနေဖြင့် ငါးကန်များ တူးဖော် ဆောင်ရွက်ရာတွင် အခြားနည်း သုံးစွဲခွင့်ရမှာသာ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် မိမိတို့မှ ခွင့်ပြုပေးမှာဖြစ်ကြောင်း၊ သားငါးကဏ္ဍဖွံ့ဖြိုးရေး ကူညီပေးမှာဖြစ်ပါကြောင်း အမှာစကားပြောကြာပြီး တောင်သူ(၁၀)ဦး အတွက် ငါးကန်တစ်ဧကလျှင် ငါးသားပေါက် (၂၀၀၀)ကောင်နှုန်းဖြင့် စုစုပေါင်း ငါးကန်ဧကပေါင်း (၁၄၀)အတွက် ငါးသားပေါက်(၂၈၀၀၀၀) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရွှေဘိုမြို့ မဟာနန္ဒာကန်တော်(၂) အတွင်းသို့ ငါးသားပေါက် နှစ်သိန်းကောင်နှင့် ရေချိုပုဇွန်သားပေါက် တစ်သိန်းခွဲကောင် တို့ကို မျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)