ရန်ကုန် သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲ ဒေသတွင် ယနေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။
လှော်ကားရေဝေရေလဲဒေသရှိ မြေပြင် ၅၇၈၆ ဧကတွင် ၃၅၅၅ ဧက သစ်ပင်စိုက်ရန် ကျန်ရှိပြီး ယနေ့တွင် အသစ်စိုက်ပျိုး ဧက ၅၀ နှင့် အစားထိုးဖြည့်စွက်စိုက် ၁၅၅ ဧက စုစုပေါင်း ၂၀၅ ဧက ပေါ်တွင် စည်သပြေ၊ ကျွန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ တယ်ကြီး၊ ပျဉ်းမ၊ ခရေ၊ ရေတမာ စုစုပေါင်း ၁၁၀၇၀၀ ပင်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက စိုက်ပျိုး ပေးခဲ့ကြသည်။
ထို့နောက် နံနက် ၉ နာရီတွင် ဝန်ကြီးချုပ်သည် ဆားတလင်း-ဒါးပိန် - ကျွဲကူးဆိပ်လမ်းနှင့် သပြု-ရှမ်းကန်-ကဝလမ်းအား ဆက်သွယ်တည်ဆောက် လျက်ရှိသည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) လှည်းကူးမြို့နယ် ဘက်အခြမ်း တည်ဆောက်ရေး လုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရူ့စစ်ဆေးရာ စက်မှု့လက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တံတားတည်ဆောက်ရေး တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။
ဆက်လက်၍ နံနက် ၁၁ နာရီ၌ လှည်းကူးမြို့နယ် အားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများကို ကြည့်ရူစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်ချက်များကို မှာကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ယင်းနောက် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်အတွင်း စက်မှုဥယျာဉ်စီမံကိန်း ဆောင်ရွက်မည့် Myanmar Singapore (Hlegu) Industrial Park JV (MSIP)Co.Ltdမှ တာဝန်ရှိသူများ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)