မြစ်ကြီးနား သြဂုတ် ၁၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ (၁၀)မိုင်ကျေးရွာနှင့် (၈)မိုင်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာသင်ကြားမှု အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ယနေ့နံနက်ပိုင်းတွင် ရပ်မိ/ရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်နန်းကျေးရွာအုပ်စု၊ (၁၀)မိုင်ရွာ ဂျော်မဆပ်ဘုရားကျောင်း၌ နှစ်ခြင်းအသင်းတော် တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အသင်းတော် တာဝန်ရှိသူများက ဘုရားကျောင်းဝင်း အတွင်းလမ်းနှင့် တောင်ဘက်ရှိ ရွာတွင်းလမ်းနှင့် တံတားများ ဆောင်ရွက်ပေးနိုင်ရေး၊ အသင်းတော် သင်ကြားရေးအဆောင် ပြီးစီးနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ရေး စသည်တို့ကို တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့နေဖြင့် ပြည်သူများကို အလုပ်အကျွေး ပြုရမည်ဟု ခံယူထားပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်များကို ဘတ်ဂျတ်ခွဲဝေ လျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားကာ တင်ပြတောင်းဆိုမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နောင်နန်း (၈)မိုင်ကျေးရွာရှိ ဗေဿာနိဘုရား ကျောင်းဝင်းအတွင်း၌ အသင်းသူ၊ အသင်းသားများ၊ ရပ်မိ၊ရပ်ဖများ၊ ကျောင်းကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အသင်းတော်ပိုင် မူကြို(၃)ထပ်ဆောင် ဆောက်လုပ်နိုင်ရေး ကူညီပံ့ပိုးပေးရန်ကိစ္စ၊ နောင်နန်း(၃) အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဘုရားကျောင်း ဝင်းကြားရှိ ကျေးရွာလမ်းခင်း ကျင်းပေးနိုင်ရေး၊ ပညာသင်ကြားရေး အတွက် ကျောင်းဆောင်သစ် လိုအပ်ချက်နှင့် ကျောင်းဝင်းခြံစည်းရိုး ကာရံပေးရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းခင်းပေး နိုင်ရေးနှင့် ပညာသင်ကြားရေးအတွက် သင်ထောက်ကူပစ္စည်း လိုအပ်ချက် များကို အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ခင်းကျင်းဆောင်ရွက် ပေးရမည့် လမ်းအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ် (ပြန်/ဆက်)