Skip to main content

မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်

မဘိမ်း  ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် နာရီအချိန်က မလှိုင်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ဆိုင်းဘုတ်ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်ကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို၊ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းအတွက် ဗလာစာအုပ်ဒါဇင်(၁၀၀)အား ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက လက်ခံရယူခဲ့ပါသည်။

အဆိုပါ မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး တက်ရောက် ပညာသင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးမင်း(ပြန်/ဆက်)