ရန်ကုန် ဩဂုတ် ၁၄
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူ ၂၆၀၀၀၀ အတွက် အမေရိကန် ဒေါ်လာ တစ်သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ(PPE)၊ နှာခေါင်းစည်းနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ သိရသည်။
အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေ၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် WFP၊ FAO၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ Community Partners International၊ BRAC Myanmar နှင့် Health Poverty Action Myanmar တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သန်းခန့်တန်ဖိုးရှိသည့် ဝတ်စုံပြည့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ၊ N95 နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများ၊ ပိုးမွှားသန့်စင်ရေးပစ္စည်း အမျိုးမျိုးနှင့် ဒစ်ဂျစ်တယ်အပူချိန်တိုင်း ကိရိယာများပါဝင်ကြောင်း သိရသည်။
ယင်းဆောင်ရွက်မှုကို ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း ပြည်နယ်တို့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၄၂ မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင် နေကြရသူများအတွက် တစ်ကိုယ်ရေ ဗိုင်းရပ်စ်ရောဂါပိုးမွှား ကာကွယ်နိုင်စွမ်းကို မြှင့်တင် ပေးရန်ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အထောက်အကူပြုပစ္စည်းများကို WFP အနေဖြင့် ပြည်တွင်းမှ ဝယ်ယူကာ သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ပြီး ယင်းမြို့နယ် ၄၂ မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ဆေးရုံများ၊ အသွားအလာစောင့်ကြပ်ကြည့်ရှုရေးစင်တာများ၊ အစိုးရဌာနများ၊ ပြည်တွင်း အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုအနေဖြင့် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်း နေထိုင်သူ ၉၀၀၀၀ ဝန်းကျင်အတွက် ထောက်ပံ့လှူဒါန်းရာ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း WFP ထံမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior က “ကျန်းမာရေးဝန်ထမ်းတွေ လုံခြုံကျန်းမာသန်စွမ်းမှ ကျွန်တော်တို့တွေအားလုံးလည်း ကျန်းကျန်းမာမာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေအတွက် ထောက်ပံ့ထည့်ဝင် ပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးအထူးတင်ပါတယ်။ WFP အနေနဲ့ အခုလိုအရေးတကြီးလိုအပ်နေတဲ့ တစ်ကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်းတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကူအညီပေးရေးဝန်ထမ်းတွေရဲ့ လက်ထဲရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ သူတို့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့နဲ့ အကူအညီလိုအပ်နေတဲ့ မိသားစုတွေဆီ အထောက်အပံ့တွေ ပေးပို့နိုင်ဖို့ မနားတမ်းကြိုးပမ်းဆောင်ရွက်နေကြသူတွေဖြစ်ပါတယ်”ဟု ပြောပြသည်။
အလားတူ WFP အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းထားသည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ကို မေ ၁၀ ရက်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး
ဓာတ်ပုံ - WFP