Skip to main content

(၁၁)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ နှစ်လယ်အစည်းအဝေး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

နေပြည်တော်  ဩဂုတ်  ၁၄

(၁၁)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ နှစ်လယ်အစည်းအဝေး (11th AIPA Caucus)ကို Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုလွှတ်တော်၊ အာဆီယံပါလီမန်များညီလာခံ (AIPA)ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် အိမ်ရှင်ဖိလစ်ပိုင် အောက်လွှတ်တော်ဥက္ကဋ္ဌ Alan Peter S. Cayetano က အဖွင့်မိန့်ခွန်း ပြောကြားပြီး နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ယခင်နှစ် အကြိမ်(၄၀) မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာများကို နိုင်ငံအလိုက်တင်ပြရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် က မြန်မာနိုင်ငံ၏ အစီရင်ခံစာကိုလည်း ကောင်း၊ COVID-19 ကပ်ရောဂါ ကာလအတွင်း စီးပွားရေးပြန်လည် နိုးထမှုအားကောင်းလာစေရေးနှင့် ထိခိုက်မှုလျော့ပါးစေရေး ခေါင်းစဉ်ဖြင့် အစီရင်ခံစာများကို နိုင်ငံအလိုက် ရှင်းလင်းတင်ပြရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် က မြန်မာနိုင်ငံ၏ အစီရင်ခံစာကိုလည်းကောင်း တင်ပြကြသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိုင်ငံအလိုက် အစီရင်ခံစာများနှင့် ယခုအစည်းအဝေး ၏ ဆောင်ရွက်ချက်အစီရင်ခံစာတို့ကို Virtual Signing ဖြင့် အတည်ပြု လက်မှတ်ရေးထိုးကြသည်။

ထို့နောက် အစည်းအဝေးသဘာပတိ ဖိလစ်ပိုင်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Hon. Raneo Abu က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်