နေပြည်တော် ဇွန် ၁၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံကာဇန်မြို့၌ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ သည် ယမန်နေ့နံနက်ပိုင်းက ယင်းမြို့ရှိ Old Tatar Sloboda သို့ အခြား ဧည့်သည်တော်များနှင့်အတူ သွားရောက်လေ့လာ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Sergey Sergeevich Kravstov က IT Park ၌ ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ရာ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များက ၎င်းတို့၏အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့်အမြင်များကို ဆွေးနွေးဖလှယ်၍ ပြောကြားကြသည်။
ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Shaping the Future ဆိုသည့် ခေါင်းစဉ်သည် မိမိတို့၏လူ့အဖွဲ့အစည်းများနှင့် ကမ္ဘာကြီးကိုပုံဖော်ရာတွင် ပညာရေးသည် အဓိက အခန်းမှ ပါဝင်နေသည်ကို သတိပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး KG+9 ပြီးမြောက်စေရေး မူဝါဒချမှတ် ဆောင်ရွက်နေကြောင်း၊ KG+9 ပြီးမြောက်သည့် ကျောင်းသားများအနေဖြင့် ခရိုင် ၅၀ တွင် ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ကြောင်း၊ နိုင်ငံ၏အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
ကမ္ဘာ့အဆင့်မီသင်ရိုးများဖြင့် သင်ကြားသည့်တက္ကသိုလ်များက အရည်အချင်းပြည့်ဝသည့် ဘွဲ့ရ ပညာတတ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ တက္ကသိုလ်များနှင့် မိတ်ဖက်တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း၊ အနာဂတ်ပညာရေးသည် မူဝါဒချမှတ်သူများ၊ ပညာပေးဝေသူ ဆရာများ၊ မိဘများနှင့်ကျောင်းသားများ၏ လက်ထဲတွင် ရှိကြောင်း၊ အဆိုပါအစုအဖွဲ့များသည် လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာကြီး၏အနာဂတ်ပညာရေးကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင် ကြောင်း ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Sergeevich Kravstov က တက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Pashmir Restaurant ၌ တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်