Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှု

နေပြည်တော် မေ ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Switchyard အတွင်း တောင်ကြီးမြို့၏ တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ သယ်ပို့ဖြန့်ဖြူး နိုင်ရေးနှင့် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ရေးအတွက် လိုအပ်လျက်ရှိသည့် ၁၃၂/၆၆/ ၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ တိုးချဲ့တပ်ဆင်တည်ဆောက်မည့်နေရာ၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားကို အထက်ကျိုင်း တောင်း-နမ့်စန်-တောင်ကြီးမဟာဓာတ်အားလိုင်းမှတစ်ဆင့် လက်ခံဖြန့်ဖြူးမည့် ၁၃၂ ကေဗွီ Switch Bay တိုးချဲ့တည်ဆောက်မည့်နေရာတို့နှင့် လက်ရှိ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အား ထိန်းညှိဖြန့်ဖြူးထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများအား စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားထိန်းချုပ်မောင်းနှင်ကြရန်၊ ဓာတ်အားခွဲရုံအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရေး အ‌လေးထားဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ ဝန်ထမ်းရေးရာကိစ္စရပ်များတင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်