နေပြည်တော် မေ ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများမှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy (NSA) မှ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ယင်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ မေ ၃၀ ရက်မှ ဇူလိုင် ၂၁ ရက်အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ရက်သတ္တရှစ်ပတ်ကြာ တစ်ပြိုင်တည်း သီးခြားစီဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ စုစုပေါင်း ၆၁ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် Naypyitaw State Academy (NSA)မှ သင်တန်းနည်းပြများက အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာရေးသားပြောဆို ဆက်သွယ်ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်