Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် မေ ၃၀

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ပြည်နယ်ရုံး)သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီမံကိန်းလျာထားချက်များအား အောင်မြင်စွာအကောင်အထည်ဖော်ရေးနှင့်စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော ချေးငွေများထုတ်ချေးနိုင်ရေး၊ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေး၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အခြားသောဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ပေါင်းစပ်ညှိနှိုင်း

ထို့နောက် ဌာနများမှတင်ပြလာသော ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သက်သာချောင်ချိရေးကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်