နေပြည်တော် မေ ၂၆
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကိုတင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့တပ်မတော်လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အာဆီယံနိုင်ငံများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိမင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့်ရောက်ရှိလာသော ပစ္စည်းများကိုတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။