Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဟိုပန် မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် ယနေ့နံနက် ၉ နာရီက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ရှိ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးရာသီတွင် မိဘများ အခက်အခဲမရှိစေဘဲ သားသမီးများကို ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ် ပြဋ္ဌာန်းဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ရေ၊ သန့်စင်ခန်းနှင့် ကျောင်းသုံးပစ္စည်း လိုအပ်ချက်များကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် တင်ပြသွားရန်၊ ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ် နှင့်အညီ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်မိုးက ပညာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ပညာရေးကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို မြို့နယ်ပညာရေမှူးထံပေးအပ်ပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် အခြေခံပညာ အထက်တန်းကျောင်းခွဲ (ရွှေဝါ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဟိုပန်)သို့ရောက်ရှိပြီး ကျောင်းအပ်နှံမှု အခြေအနေကို ကြည့်ရှုအားပေးကာ ပညာရေးဌာနမှ တာဝန်ရှိသူများကို တွေ့ဆုံ ပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် ဟိုပန်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံနှင့် Isolation ward ဆောက်လုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ထောက်ပံ့ပစ္စည်းများပေးအပ်၍ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်