Skip to main content

Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်များကို ကျောင်းဖွင့်အမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးနေ

မန္တလေး မေ ၂၅

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် အမှာစကားများမှ ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာအထက်တန်းကျောင်းများတွင် ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေ ၂၂ ရက်က မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်များသို့လည်းကောင်း၊ မေ ၂၃ ရက်က ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမရပူရမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း၊ မေ ၂၄ ရက်က ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့တော်ခန်းမသို့လည်းကောင်း သွားရောက်ပြီး ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ နည်းပြများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ Grade-9 ၊ Grade-12 ဆင့် သင်ရိုးသစ်ဆင့်ပွားသင်တန်းများမှ အခြေခံဆရာ ဆရာမများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘများ၊ ကျောင်းအကျိုးဆောင်များနှင့် တွေ့ဆုံခဲ့သည်။

လက်တွဲညီညီ လျှောက်လှမ်း

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို မူဝါဒများ၊ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျန်းမာကြံ့ခိုင်၍ ပညာတတ်မြောက်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာအောင် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်ရေးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားစိုက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မကြာမီ ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လာရောက် တွေ့ဆုံခြင်းလည်းဖြစ်ပါကြောင်း၊ Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်များကို ကျောင်းဖွင့်အမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေး အတွက် သက်ဆိုင်ရာတက္ကသိုလ်၊ အခြေခံပညာ ကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း၊ သင်ရိုးသစ်များကို သင်ကြားရာတွင် ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင် မှုများ ရရှိအောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် မြန်မာ့ပညာ ရေးမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်သင်ရိုးသစ်ပညာရေးနှင့်အတူ ဆရာနှင့်ကျောင်းသား၊ မိဘနှင့်ဆရာ အတူတကွလက်တွဲညီညီ လျှောက်လှမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအားလုံး တက္ကသိုလ်များသို့ ရောက်ရှိသင်ကြားကြစေရန်၊ တန်းစဉ်အလိုက် ကူးပြောင်းအောင်မြင်အောင် သင်ချင်တက်ချင်စိတ်များရှိလာရန်၊ ကလေးအားလုံး ကျောင်းမြဲနေရန် အားလုံးက ခံယူချက်အပြည့်ဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတက်ဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့်အကြောင်းရင်းများကို အဖြေရှာပြီး ဝိုင်းဝန်းဖြေရှင်းသွားကြ ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ မြင့်မား တိုးတက်ရေးအတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသူများဖြစ်ပြီး သင်ကြားသူနှင့်သင်ယူ သူ ဟန်ချက်ညီနေရန် လိုအပ်ပါကြောင်း၊ ဆရာများ၏ အရည်အသွေးကို ဆန်းသစ်သည့် အယူအဆ အတွေးအခေါ်သစ်များဖြင့် အမြဲတမ်းရှင်သန်မြှင့်တင်နေရန်အတွက် အစဉ်တစိုက်ကြိုးစားနေကြရမည် ဖြစ်ပါကြောင်း၊ စိတ်စွမ်းအင်များ ထက်မြက်လာစေရန် စာများစွာဖတ်ရန်လိုအပ်ပါကြောင်း၊ ဆရာ့ဂုဏ်နှင့် အလုပ်ပေါ်တန်ဖိုးထားပြီး နိုင်ငံအပေါ်သစ္စာရှိရှိဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွား ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများအပြင် အားလုံးက အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းပေါင်းစပ် ကူညီဆောင်ရွက်ပေးသွား ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဘက်ဘက်မှ ပံ့ပိုးပေးနေ

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်မှ ပညာရေးကဏ္ဍမြင့်မားစေရန် အဘက်ဘက်မှပံ့ပိုးပေးနေမှု၊ ထိရောက်သည့် သင်ကြားမှု သင်ယူမှုဖြစ်စေရေးအတွက် ဆရာ ဆရာမများ လုံလောက်မှုရှိစေရန် နှစ်စဉ်တိုးမြှင့် ခန့်ထားပေးနေမှု၊ နိုင်ငံသားတိုင်း KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ်ကာ အလေးအနက်ထားဆောင်ရွက်နေမှု၊ အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီး အထက်တန်းအဆင့်သို့ တက်ရောက်ရန် ခက်ခဲသည့် ကျောင်းသား ကျောင်းသူများအတွက် သက်မွေးဝမ်းကျောင်းစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားနိုင်မည့်ကျောင်းများတွင် သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် လာမည့်ဇွန်လမှ စတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ငါးကျောင်း အပါအဝင် ခရိုင် ၅၀ အတွင်း မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

အဆိုပါတွေ့ဆုံပွဲများတွင် ဆင့်ပွားသင်တန်း တက်ရောက်နေကြသည့် အခြေခံဆရာ ဆရာမများ ၏ Grade-9 ၊ Grade- 12ဆင့် သင်ရိုးသစ်သင်တန်း အတွေ့အကြုံများ၊ အကျိုးကျေးဇူးများနှင့် ကျောင်း တက်ရောက်မှုအခြေအနေများကိုလည်းကောင်း၊ ကျောင်းသားမိဘများ၏ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေး ကြုံတွေ့နေရသည့်အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက နိုင်ငံတော်က သင်ကြားရေးဆရာ ဆရာမများ ဖြည့်တင်းပေးနေမှုအခြေအနေများ၊ ကျောင်းဝင်နှုန်းမြင့်မားရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြချက်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၏ ဖြည့်စွက်ဆွေးနွေးချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း ကျောင်းများ၌ Grade-9 ၊ Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းများတွင် တက်ရောက်နေကြသည့် အခြေခံပညာဆရာ ဆရာမများအတွက် စုစုပေါင်း ဂုဏ်ပြုငွေကျပ် ၂၂၄၉၀၀၀၀ ကို ချီးမြှင့်ခဲ့ကြောင်း၊ မန္တလေးတက္ကသိုလ်ရှိ အနုပညာအသင်းအတွက် YAMAHA အမျိုးအစား ကီးဘုတ်တစ်လုံးတို့ကို လှူဒါန်းခဲ့ကြောင်းနှင့် ကျောင်းအပ်ခြင်းများ စတင်လက်ခံဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်