Skip to main content

မူလအခြေအနေထက် ပိုမိုကောင်းမွန် ထိရောက်စွာ ဝိုင်းဝန်းဆောင်ရွက်

မေလ ၁၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ နောက်ဆုံး ကောက်ယူရရှိမှုအခြေအနေအလိုက် ပျက်စီးဆုံးရှုံးမှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများအား ထုတ်ပြန်အသိပေးလျက်ရှိရာ မုန်တိုင်းတိုက်ရိုက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများကို ပွင့်လင်းမြင်သာစွာ အမှန်အတိုင်းအသိပေးလျက်ရှိသောကြောင့် ထိခိုက်ခံစားရသည့် ဒေသများအားလုံးကိုလွှမ်းခြုံ၍ ကူညီကယ်ဆယ် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုသို့အသိပေးလျက်ရှိရာတွင် မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအထိရရှိသောစာရင်းအရ ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၈ ဦး၊ မေလ ၁၈ ရက်နေ့ ညပိုင်းအထိရရှိသောစာရင်းအရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ ဒေသခံပြည်သူခြောက်ဦးနှင့် IDP Camp မှ ၉၁ ဦး ထပ်မံသေဆုံးခဲ့ကာ သေဆုံးသူ ၁၄၅ ဦးရှိပြီး မေလ ၂၁ ရက်နေ့ ညပိုင်းတွင် ထပ်မံရရှိသောစာရင်းအရ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ် တို့တွင် သုံးဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၁၄၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့် မုန်တိုင်း၏ဆက်စပ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံ စုစုပေါင်း ၆၂၈၃၆ ဧက ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ၊ အဆောက်အအုံ၊ သစ်ပင်သီးနှံပင်များနှင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခဲ့ရချိန်တွင် မွေးမြူရေးတိရစ္ဆာန်များလည်း ဆုံးရှုံးထိခိုက်ခဲ့ရသည်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံးခဲ့ရာ မွေးမြူရေးတိရစ္ဆာန် စုစုပေါင်း ၅၃၁၉၁၃ ကောင်သေဆုံးခဲ့သည်။ ထို့အပြင် အိမ်မွေးတိရစ္ဆာန်မဟုတ်သည့် အခြားသဘာဝ တိရစ္ဆာန်များလည်း အမြောက်အမြားသေဆုံးမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့လာရသည့်အခါတွင် နိုင်ငံတော်အစိုးရ၏ ကြိုတင်ပြင်ဆင် အလျင်အမြန်စီမံတုံ့ပြန်ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူများ မုန်တိုင်းဒဏ်ထိခိုက်ခံရမှုများကို အနည်းဆုံးသို့လျှော့ချနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သော်လည်း တိရစ္ဆာန်များမှာမူ သိန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပေါ်ခဲ့သောအခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကူညီကယ်ဆယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စေတနာရှင်များ၊ အလှူရှင်များ၏အကူအညီများဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင်၊ အကောင်းဆုံးအခြေအနေ ပြန်လည်ဖြစ်ပေါ်လာအောင် ကူညီဖြည့်ဆည်းဆောင်ရွက်နေကြသည်ကိုတွေ့ရသဖြင့် ဆုံးရှုံးခဲ့ရသူများအနေဖြင့် စိတ်သက်သာရာရကြမည်ဖြစ်သလို အခြားပြည်သူများအနေဖြင့် မုဒိတာပွားကျေနပ်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ထုတ်ပြန်ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးပြီး လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လွှမ်းခြုံဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တည်ဆောက်ရေး၊ ရေရရှိရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် အလျင်အမြန်ဆောင်ရွက်လျက်ရှိရာ ရက်ပိုင်းကာလအတွင်း ပျက်စီးဆုံးရှုံးမှုများကို အစားထိုးပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ မုန်တိုင်းသင့်ဒေသများအားလုံး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်‌ထောင်စုအဆင့် အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်မှုများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ စေတနာရှင်များ၊ အလှူရှင်များနှင့်အတူ ပြည်သူလူထုပူးပေါင်း ဆောင်ရွက်မှုများဖြင့် မုန်တိုင်းအလွန်ကာလတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်သော အနေအထားရောက်အောင် လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။  ။