နေပြည်တော် မေ ၂၅
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် နယ်မြေခံ အခြေချယန္တယားအလုပ်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် CAT 320 EXCAVATOR ၂ စီး စုစုပေါင်းကုန်တန်ချိန် ၄၀ တန်တို့အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ထပ်မံပို့ဆောင်ပေးခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော MCL ကုမ္ပဏီပိုင် အလျား(၂၄၀) ပေ၊ အနံ(၆၀) ပေ၊ ရေစူး(၁၅) ပေ စုစုပေါင်း (၂၆၀ဂ) မက်ထရစ်တန် တင်ဆောင်နိုင်သည့် MV- MCL 5 ရေယာဉ်သည် ရခိုင်ဒေသလေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းမျိုးစုံဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ သစ်ဆိုဒ်မျိုးစုံ(၂၀၉.၄၉၄၅)တန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပစ္စည်းစီမံရေးရာဌာန(ရန်ကုန်)မှ 600 V Cable Meter(၄၀၀၀၀)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ (၉) ပေ သွပ်(၁၀၆၂၉၀) ချပ်၊ (၂)လက်မသံ(၁၂၅၀)ပိဿာ၊ မိုးကာတဲ(၂၅၄) လိပ်၊ ခေါက်ဆွဲ ခြောက်(၉၀၁၅၀)ထုပ်၊ အိမ်ရိုက်သံဆိုက်စုံ(၁၂) တန်၊ သွပ်ရိုက်သံ(၂၂)တန်၊ အမိုးသွပ် (၁၁) ထုပ်၊ ဆန်(၁၉၁၈၀)အိတ် စုစုပေါင်း(၂၄၀၀) မက်ထရစ်တန် တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းနှင့် ရေယာဉ်ထွက်ခွာချိန်တွင် အလယ်ပိုင်းရေ တပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်နှင့် တာဝန်ရှိသူများက လာရောက်ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါစစ်ရေယာဉ်နှင့် MCL ကုမ္ပဏီပိုင် MV- MCL 5 ရေယာဉ်တို့ဖြင့် သယ်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များနှင့် ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။