Skip to main content

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော် (လေ) မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် မေ ၂၅

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အာဆီယံနိုင်ငံများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးကုသရေး ဆိုင်ရာပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၄ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။