Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ မေ ၂၄ ရက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ပြုလုပ်သည့် ချင်းပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့အတူ ယနေ့တွင် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်မှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် မင်းပြားမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ မြို့နယ်ရှိကူညီကယ်ဆယ်ရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်မှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်းရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ သာသနိကအဆောက်အဦများနှင့် ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြိုလဲသွားသည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ မြောက်ဦးခရိုင်၊ မာန်အောင်မြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ခအုန်းမော်ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့သဘာဝဘေး ကြိုတင်ထုတ်ပေးငွေနှင့် အလှူရှင်များက လှူဒါန်းထားသည့် သွပ်များကို စာသင်ကျောင်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။