Skip to main content

ပုလောမြို့နယ် မန်ကျည်းကုန်းကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ခရီးသွားမော်တော်ယာဉ် တစ်စီးပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မေ ၂၄ 

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြိတ်-ထားဝယ်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ပုလောမြို့နယ် မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ယနေ့မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ နှစ်ဦးကျည်ထိမှန် သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်