နေပြည်တော် မေ ၂၄
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ ဂူဝဘုရား တောင်တက်လမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
သောက်သုံးရေများဖြန့်ဖြူးပေး
အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စေတီတောင်ရပ်ကွက်နှင့် ဆားပြင်ကွင်းရပ်ကွက်တို့တွင် ချက်ပြုတ်စားသောက်မှုအဆင်ပြေစေရေး သောက်သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့အတူ ကျောက်တော်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်တော်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်များအတွင်း သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။
အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မောင်တောမြို့ ကံတိုင်းအောင်ကျေးရွာနှင့် ပဲရုံကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး ကံတိုင်းအောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ စာသင်ကြားနိုင်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် တောင်ရင်းတန်းရပ်ကွက်၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် အရှေ့မြောက်ရပ်ကွက်တွင် လျှပ်စစ်မီးအမြန်ပြန်လည်ရရှိရေး မီးကြိုးများပျက်စီးနေမှုအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စာသင်ချိန်အမီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ လဲကျနေသောသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကင်းချောင်းကျေးရွာနှင့် ကကျက်ဘတ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိသည်။
ကျန်ရှိသည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်လာပါက အမြန်ဆုံးသွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်