Skip to main content

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အနီးသို့ KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မေ ၂၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံမြို့အနီးတစ်ဝိုက်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက ယနေ့ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အနီးတစ်ဝိုက် ၌ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက မြို့၏အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်မှုကို လိုလားသူများသည် မြို့၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်းနှင့် အဆိုပါ KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် ကျိုက်ဒုံမြို့အဝင် တံတားအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်