နေပြည်တော် မေ ၂၃
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ် ပထမအစီးသည် မြန်မာ့သစ်လုပ်ငန်း(ရခိုင်ပြည်နယ်)၊ သံတွဲသစ်ထုတ်ရေးဒေသ၊ တောင်ကုတ်နယ်၊ ထန်းတောင်ကွင်းသစ်ဆိပ်မှ ကညင်ခွဲသား ၉၆၀၊ စကားဝခွဲသား ၆၇ ချောင်း စုစုပေါင်းကုန်တန်ချိန် ၁၁၄ ဒသမ ၆၀၂၂ တန်တို့ကို မေ ၂၂ ရက် နံနက်ပိုင်းတွင် တောင်ကုတ်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ Essar တံတားသို့ ရောက်ရှိခဲ့သည်။
ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်
အလားတူ ၅၆ မီတာ ကမ်းထိုး ရေယာဉ်ဒုတိယအစီးသည် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင် ရှစ်ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် WA-320 WHEEL LOADER တစ်စီး၊ MI-2 EXCAVATOR သုံးစီး စုစုပေါင်း ကုန်တန်ချိန် ၃၅ တန်တို့ကို အငူမော်ကမ်းထိုးရပ်၌ တင်ဆောင် ၍ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါသယ်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များ၊ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်