Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေကမ်းခြေပတ်လမ်း ပြန်လည်ပြုပြင်တည်ဆောက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကမ်းခြေပတ်လမ်း၌ လေမုန်တိုင်းဒဏ်ကြောင့် လမ်းနှင့်မြေထိန်းနံရံများ ပြိုကျပျက်စီးသွားမှု များကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရွေ့လျားရေသန့်စင်ကား ဖြင့် ကန်အတွင်းမှ ရေကို စုပ်ယူသန့်စင်ပြီး ရပ်ကွက်နေပြည်သူများအား ရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ရွေ့လျားရေသန့်စင် ကားများကို မင်းပြားမြို့သို့ တစ်စီး၊ ရသေ့တောင်မြို့သို့ နှစ်စီး ပို့ဆောင်ပေးထား ပြီး Life Staw ရေသန့်စက်ငယ် ၅၀ ကို စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသို့ ဖြန့်ဝေပေးပို့ ဆောင်ရွက်လျက်ရှိသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ပေါ်ရှိ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနရုံးများသို့ သွားရောက်ကာ ဝန်ထမ်းအိမ်ရာနှင့် ရုံးများအမြန်ပြုပြင် ပြီးစီးရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်