Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး လက်တွဲကြိုးပမ်း

မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးပိုမိုကျဆင်းခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဖြတ်သန်းလာခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲများကြားမှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာသည်။

တိုင်းပြည်စီးပွားရေးကျဆင်းခဲ့ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို အားပေးမှု နည်းပါးခြင်းသည်လည်း ပါဝင်ခဲ့သည်။ နိုင်ငံတော်အစိုးရသည် “စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”၊ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟူသည့် စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး ပြည်တွင်းသယံဇာတများ ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ ပြည်တွင်း၌ ကုန်ကြမ်းအမျိုးမျိုး ပေါများစွာထွက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းသည်။ ထို့ကြောင့် နိုင်ငံတော်၏စီးပွားရေးကို ထိရောက်စွာမြှင့်တင်ပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စီးပွားရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတစ်ဝန်းသို့ မကြာခဏသွားရောက်၍ အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုတိုးတက်ဖြစ်ထွန်းလာသည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး လယ်ယာစိုက်ပျိုးဧက ၁၃ သန်းကျော်ရှိသည်။ အဆိုပါစိုက်ပျိုးမြေများ၌ မိုးစပါးအပြီး သီးထပ်များကို စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ပိုမိုအောင်မြင်နိုင်သည့် အခြေခံခိုင်မာပြီးသော ကုန်ထုတ်လုပ်ငန်းများဖြစ်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်အားပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ မြေသယံဇာတပစ္စည်းများ၊ ရေသယံဇာတပစ္စည်းများကို ထိရောက်စွာအသုံးချ၍ အပြည့်အဝထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်လျှင် တစ်ဧကအထွက်နှုန်းတိုးပြီး ဒေသအလိုက်ဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်သည်။

MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်းပစ္စည်းများနှင့် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသည်။ နိုင်ငံတော်အနေဖြင့် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခြင်းများရှိခဲ့သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ကြုံတွေ့နေရသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများကို PDF အမည်ခံအကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲ အနှောင့်အယှက်များကြားမှ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

MSME လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးမတည်ငွေများကို သတ်မှတ်ချက်နှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။ အလားတူစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ဓာတ်မြေဩဇာများနှင့် သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားလုပ်ငန်းသုံးစက်သုံးဆီများကို ပြည်ပမှဝယ်ယူတင်သွင်းပေးလျက်ရှိရာ နိုင်ငံတွင် နိုင်ငံခြားငွေလုံလောက်စွာရရှိနိုင်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် နိုင်ငံတော်နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။