နေပြည်တော် မေ ၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး)ကလေး “ရဋ္ဌနန္ဒက”သည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ရှစ်ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ်ချက်ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
ဆင်ဖြူတော်လေးသည် ယခုအချိန်တွင် အသက် ၁၀ လသား အရွယ်ဖြစ်ပြီး အရပ်အမြင့် ၃ ပေ ၇ လက်မ၊ ကိုယ်လုံးလုံးပတ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၅၅၀ ရှိလာပြီဖြစ်ကာ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် (နေပြည်တော်) ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူရှိနေကြောင်း၊ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးစေရန်၊ ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်