နေပြည်တော် မေ ၂၂
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေလေဆိပ်သို့ ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသို့ရောက်ရှိပြီး မုန်တိုင်းဒဏ်သင့်၍ ပျက်စီးသွားသည့် အဆောက်အအုံများအား လိုက်လံကြည့်ရှုကာ အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အဆိုပါ ရဲတပ်ဖွဲ့ခွဲရှိခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် မောင်တောမြို့နယ် ကျီးကန်း ပြင်ရှိ နယ်မြေခံ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်သို့ရောက်ရှိရာ ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် ထက်လွင်နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်အဖွဲ့သည် အဆိုပါရဲကွပ်ကဲမှုဌာနချုပ်အတွင်း၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများအား လိုက်လံကြည့်ရှု၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ကွပ်ကဲမှုဌာနချုပ်ရှိ နေမျိုးခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေခံတပ်ရင်း၏ မုန်းတိုင်းသင့်၍ ပျက်စီးခဲ့သော အဆောက်အအုံများအား လိုက်လံကြည့်ရှုပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည်များမှာကြားကာ တပ်ရင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ဝါးခုတ်ချောင်းတပ်နယ်သို့ရောက်ရှိပြီး နယ်မြေခံတပ်ရင်းများ၏ မုန်တိုင်းဒဏ်သင့်၍ ပျက်စီးခဲ့သော အဆောက်အအုံများအား လိုက်လံကြည့်ရှုပြီး ဦးစားပေးအဆင့်အလိုက် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြားသည်။ ယင်းနောက် တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်နယ်တပ်ရင်း၌ မွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု၍ မုန်တိုင်းပြီးမွေးမြူထားသောကြက်များ၏ ဥနှုန်းများ သတ်မှတ်နှုန်းထား ပြန်လည်ပြည့်မီနိုင်ရေး လိုအပ်ချက်များကို ဆောင်ရွက်ရန်မှာကြားသည်။ ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည် ဘူးသီးတောင်တပ်နယ် နယ်မြေခံတပ်မတော် ဆေးရုံသို့ရောက်ရှိကာ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် တပ်နယ်အတွင်း မွေးမြူထားသည့် DYL အသားတိုးဝက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)သည် ဘူးသီးတောင်တပ်နယ်ရှိ အစည်းအဝေး ခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြချက်များနှင့်ပတ်သက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်