Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်ရန်ထွက်ခွာ

ရန်ကုန် မေ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး အစည်းအဝေး (18th Asia Media Summit) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နှစ်စဉ်ကျင်းပ

အဆိုပါ အစည်းအဝေးကို UNESCO, ITU, UNDP တို့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ၁၉၇၇ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် နိုင်ငံတကာရုပ်သံနှင့် လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သော “အာရှ-ပစိဖိတ်ရုပ်သံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Asia- Pacific Institute For Broadcasting Development – AIBD) က မျက်မှောက်ခေတ် နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရုပ်သံမီဒီယာများ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်များ တိုးမြှင့်စေရေး၊ ပြည်တွင်းနှင့် ဒေသတွင်းရှိ ရုပ်သံလွှင့်မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း နိုင်ငံများအကြား ယဉ်ကျေးမှု အစဉ်အလာနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ကျွမ်းကျင်မှုပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရေး၊ ပြည်သူအကျိုးပြု ရုပ်သံလွှင့်မီဒီယာများ၏ အခန်းကဏ္ဍအား မြှင့်တင်ကာကွယ်ရေး၊ လူမှုကွန်ရက် မီဒီယာများအနေဖြင့် မီဒီယာရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျ အထောက်အကူပြု ပါဝင်လာနိုင်ရေး၊ နိုင်ငံတကာမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများနှင့် ရုပ်သံလွှင့်လုပ်ငန်း အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ အရာရှိများ၊ မန်နေဂျာများနှင့် အာရှမီဒီယာထိပ်သီးဆွေးနွေးပွဲတွင် စုပေါင်းဆွေးနွေးအဖြေရှာရေး ရည်ရွယ်ချက်ဖြင့် နှစ်စဉ်စီစဉ်ကျင်းပလျက်ရှိရာ ယခုအစည်းအဝေးကို မေ ၂၃ ရက်မှ ၂၅ ရက်အထိကျင်းပမည်ဖြစ်သည်။

လုပ်ငန်းစဉ်များဆွေးနွေး

AIBD တွင် မြန်မာနိုင်ငံ အပါအဝင် တင်းပြည့် အဖွဲ့ဝင်ပေါင်း ၂၆ နိုင်ငံမှ MRTV အပါအဝင် ရုပ်သံ လွှင့် အဖွဲ့အစည်း ၄၃ ဖွဲ့ရှိပြီး တွဲဖက်ရုပ်သံလွှင့် အဖွဲ့ဝင်ပေါင်း ၅၀ ရှိကြောင်း၊ စုစုပေါင်း နိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ရုပ်သံလွှင့်အဖွဲ့အစည်းပေါင်း ၉၃ ခု အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး အာရှ-ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ အာရပ်နိုင်ငံများ၊ မြောက်အမေရိက နိုင်ငံများမှ ရုပ်သံလွှင့်အဖွဲ့အစည်းပေါင်း ၅၀ ကျော်ဖြင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားရှိကြောင်း၊ ယင်းအစည်းအဝေးတွင် AIBD ၏ တစ်နှစ်တာ Activites & Projects များကို သုံးသပ်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများအလိုက် အဆိုပါ မီဒီယာဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ လိုအပ်ချက်များကို တင်ပြဆွေးနွေးခြင်းနှင့် နောင်တစ်နှစ်တွင် ဆောင်ရွက်မည့် သင်တန်းနှင့် Projects များနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ကြမည် ဖြစ်သည်။

ယင်းအစည်းအဝေးသို့ AIBD အဖွဲ့ဝင်နိုင်ငံများနှင့် ရုပ်သံလွှင့်အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများအပြင် လေ့လာသူများလည်း တက်ရောက်ကြမည်ဖြစ်ပြီး နိုင်ငံအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မီဒီယာဆိုင်ရာ အကြီးအကဲများနှင့် CEO များ တက်ရောက် ကြမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးအေးချမ်းတို့လည်း အစည်းအဝေး တက်ရောက်ရန် လိုက်ပါသွားကြသည်။

သတင်းစဉ်