မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပနေကြပြီဖြစ်သည်။ မုတ်သုံရာသီအစ ဇွန်၊ ဇူလိုင်လတို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပကာ သစ်ပင်မျိုးစုံ သိန်းနှင့်သန်းနှင့်ချီ၍ စိုက်ပျိုးကြဦးမည်ဖြစ်သည်။
လူဦးရေတိုးပွားလာခြင်းကြောင့် မြို့ပြဧရိယာများ ကျယ်ပြန့်လာခြင်း၊ လူနေထူထပ်လာခြင်းတို့က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ရေနှင့်စွမ်းအင်သုံးစွဲမှု ပိုမိုများပြားလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေဆိုးရွားလာခြင်းနှင့် လူများ၊ ယာဉ်ယန္တရားများ၊ တိုက်တာ အဆောက်အအုံများကြောင့် မြို့ပြဒေသ အပူချိန်မြင့်တက်မှုများလည်း ဖြစ်ပေါ်လာရသည်။ ယင်းကို ကာကွယ်နိုင်ရန်အတွက် လမ်းများ၏ ဝဲယာတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ ဥယျာဉ်များ၊ ပန်းခြံများ စိုက်ပျိုးတည်ထောင်ခြင်း၊ စိမ်းလန်းဇုန်များ ဖန်တီးခြင်းစသည်ဖြင့် မြို့ပြဒေသများ စိမ်းလန်းစိုပြည် သာယာလှပရေး၊ အပူချိန်လျော့ကျရေး၊ သဘာဝမြေအောက်ရေ ပြန်လည်ဖြည့်တင်းပေးနိုင်ရေးတို့အတွက် မြို့ပြသစ်တော များကို စိုက်ပျိုးထိန်းသိမ်းကြရသည်။
ပြီးခဲ့သည့်နွေရာသီ နေ့အပူချိန်များ မြင့်တက်ခဲ့စဉ်က ရန်ကုန်မြို့လယ်ဒေသများတွင် နေထိုင်ကြသူများအနက် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်သူများရှိခဲ့ရာ မြို့ပြအပူချိန်မြင့်တက်လာမှုအန္တရာယ်ကို သတိပြုဖွယ်ပင်ဖြစ်သည်။ မြို့လယ်ဒေသများသည် ကွန်ကရစ်တိုက်တာအဆောက်အအုံများ၊ ပလက်ဖောင်းများ၊ လမ်းများဖြင့် ဖုံးလွှမ်းနေခြင်းကြောင့် ရောင်ခြည်ဖြာထွက်မှု (Radiation) မြင့်မားပြီး အစိုဓာတ်ကင်းမဲ့၍ ခြောက်သွေ့ခြင်းနှင့် အပူချိန်မြင့်မားကာ မြို့ပြဒေသ နေထိုင်သူများကို ထိခိုက်မှုဖြစ်စေသည်။ သစ်ပင်များ အများအပြား စိုက်ပျိုးထူထောင်ခြင်းအားဖြင့် အရိပ်နှင့်အစိုဓာတ်ကိုရရှိစေပြီး အပူချိန်ကို ထိန်းထားနိုင်သည်။ မြို့ပြသစ်တောများ (Urban Forests) စိုက်ပျိုးထိန်းသိမ်းထားခြင်းက လေထုထဲရှိ အမှုန်အမွှားများ၊ ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့သော ဓာတ်ငွေ့များကို စုပ်ယူထားနိုင်ပြီး လေကိုအေးမြစေသည့်အတွက် မြို့ကိုအအေးဓာတ်ပေးသည့် စနစ်တစ်ခုပင်ဖြစ်သည်။
“မြို့ပြသစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းမှတစ်ဆင့် ပြည်သူလူထု စိတ်ပျော်ရွှင်ကျန်းမာရေးအတွက် စိမ်းလန်းစိုပြည်သည့် အပန်းဖြေနားနေစရာနေရာများ တိုးပွားလာစေခြင်း၊ မြို့ပြ၏ရေသံသရာစက်ဝန်းကို ထိန်းညှိပေးနိုင်ပြီး မြေအောက်ရေ ထိန်းသိမ်းပေးခြင်းဖြင့် ကောင်းမွန်သည့် သောက်သုံးရေရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချမ်းမြေ့စရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ မြေဆီလွှာကောင်းမွန်စေပြီး မြေယာရှုခင်းများ ထိရောက်စွာထိန်းသိမ်းနိုင်ခြင်းကြောင့် ကမ္ဘာ့သက်ရှိများ တည်မြဲရေး(Life on Land)ကို အထောက် အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း” ယမန်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက အမှာစကားပြောကြားခဲ့သည်။
မြို့ရွာဒေသများ စိမ်းလန်းစိုပြည် သန့်ရှင်းလှပခြင်းက ဒေသနေပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးတို့အပေါ် လွန်စွာအကျိုးသက်ရောက်မှုရှိသည်။ မြို့ပြသစ်တောများကို နိုင်ငံတစ်ဝန်းရှိ မြို့ပြများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုအားဖြင့် စိုက်ပျိုးထိန်းသိမ်းကာ ဒေသ၏စိမ်းလန်းသာယာရေး၊ အများပြည်သူအပန်းဖြေစရာ စိမ်းလန်းမြေများ ဖွံ့ဖြိုးလာစေရေး၊ သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရေးတို့ကို ဖော်ဆောင်ကြရပါမည့်အကြောင်း။ ။