နေပြည်တော် မေ ၂၂
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။
ထိုသို့ ထုတ်ပြန်လျက်ရှိရာ မေလ ၁၇ ရက် မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၈ ဦး၊ မေ ၁၈ ရက် ညပိုင်းထိ ရရှိလာသောစာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ ဒေသခံပြည်သူ ၆ ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကာ သေဆုံးသူစုစုပေါင်း ၁၄၅ ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မေလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ထပ်မံရရှိသောစာရင်းများအရ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၁၄၈ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။