Skip to main content

တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

နေပြည်တော် မေ ၂၂

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူနည်ပြများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသောရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများ၊ Shiplift System ဖြင့် ရေယာဉ်များလွန်းတင်/လွန်းချ စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံများရှိ တွင်ခုံ၊ ဖောက်ခုံ၊ ရေဘော်ခုံများသို့ လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ရောက်ရှိကြပြီး သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရေတပ်လေ့ကျင့်ရေးဌာနချုပ်၏ လေ့ကျင့်ရေးတာဝန်များကို ရှင်းလင်းပြောကြားပြီး သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော်(ရေ)သမိုင်းမှတ်တမ်းအား ပြသခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများသည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ ရေကြောင်းပြခန်း၊ တပ်မတော်(ရေ) ဗဟိုစာကြည့်တိုက်၊ စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ နက္ခတ်တာရာပြခန်း၊ Department of Maritime Operation- DMO အဆောက်အဦရှိ Ship Handling Simulator(A) နှင့် Engine Room Simulator ၊ ဥတ္တရဆောင်ရှိ စာသင်ခန်းများ၊ RAS & Towing Training၊ Mechanical and Electrical Trainer Welding Simulator Damage Control Simulator-Zamani နှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု)ပေါ်သို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများက လှည့်လည်ရှင်းလင်းပြသကြသည်။

ထို့နောက်နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အောင်ဇေယျ)နှင့် စစ်ရေယာဉ်(ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်တွင်းမှ ပင်လယ်ဝသို့ ခရီးတိုလိုက်ပါစီးနင်းခြင်းလေ့လာရေးခရီး သွားရောက်ကြသည်။ အဆိုပါ လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်များရှိ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အခြားသိသင့် သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

အလားတူ တပ်မတော်(လေ)မှ အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူနည်းပြများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာသို့ ဆက်လက်သွားရောက်လေ့လာ သည်။

ထိုသို့လေ့လာရေးခရီးလာရောက်ကြသော သင်တန်းသား၊ သင်တန်းသူများအား နျူကလီးနည်းပညာသတင်းအချက်အလက်စင်တာမှ တာဝန်ရှိသူများက ပြခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုပစ္စည်းများတွင်ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်း စနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တု ပစ္စည်းများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင် ပစ္စည်းများ နှင့်အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့် ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind turbine နမူနာပုံစံငယ် တို့အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဗွီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV၊ အဏုမြူစွမ်းအင်ဦးစီးဌာန၏ ဂုဏ်ပြုသီချင်း MTV၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ တည်ဆောက်မှု အတွေ့အကြုံများရှင်းလင်းတင်ပြမှု ဗွီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့်ပြကွက်များ၊ နျူကလီးယား နည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း စောင့်ရှောက်ရေးကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျ အသုံပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။