မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်၊ မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားထားသည်။
သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများမှ ပြည်သူများအား မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်ထူထောင်ပေးရာတွင် ရန်ပုံငွေ၊ အလှူငွေများသည် အဓိကကျသည့် အားများဖြစ်ပေသည်။ “ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်” နှင့်အညီ အင်အားအလွန်ပြင်းထန်သည့် သဘာဝဘေးအန္တရာယ်ကို ပြည်သူများ ထိခိုက်ခံစားရသည့်အချိန်တွင် နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်၊ အလှူရှင်ပြည်သူများက စေတနာသဒ္ဓါတရားထက်သန်စွာ အားတက်သရော ချက်ချင်းလှူဒါန်းခဲ့ကြသည်။ မုန်တိုင်းဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မေလ ၁၅ ရက် နေ့တွင် အလှူရှင်များက လှူဒါန်းသည့် အလှူငွေစုစုပေါင်းသည် ကျပ်သိန်းပေါင်း ၁၃၁၈၁၀ ရှိသည်။ မေလ ၂၀ ရက်နေ့ ထပ်မံလှူဒါန်းမှုများနှင့်ပေါင်းလျှင် (အခြားနေရာများမပါ) စုစုပေါင်း ဘီလီယံ ၂၀ ခန့်ရှိပြီဖြစ်သည်။
မြန်မာလူမျိုးတို့သည် ပင်ကိုစိတ်ရင်းအားဖြင့် စေတနာသဒ္ဓါတရားထက်သန်သူများ၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမတတ်သူများဖြစ်သည်။ ယခုသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာချိန်တွင် စေတနာသဒ္ဓါတရားထက်သန်ကြီးမားမှုနှင့် စာနာစိတ်၊ မေတ္တာစိတ်အရင်းခံတို့ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ ယခုအခါ နိုင်ငံတကာက အကူအညီများ လာရောက်ပေးအပ်နေပြီဖြစ်သည်။ အိန္ဒိယနိုင်ငံက ကူညီကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောများဖြင့် လာရောက် ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံကလည်း အရေးပေါ်အနေဖြင့် နယ်စပ်မှ စားသောက်ကုန်များကို ပေးပို့လျက်ရှိသည်။ ထိုင်းနိုင်ငံကလည်း အကူအညီ အထောက်အပံ့များ ပေးပို့လာမည်ဖြစ်သည်။ အလားတူ အာဆီယံက ကူညီ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့သွားမည်ဖြစ်ပြီး အခြားနိုင်ငံတကာကလည်း ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရအောင် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ နိုင်ငံအတွက် အရေးပေါ်လိုအပ်ချိန်တွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ကူညီဆောင်ရွက်ပေးမှုများသည် ဘေးဒုက္ခရောက်ရှိနေသူများအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ခြင်းကိုဖြစ်စေသဖြင့် လှူဒါန်းမှုအကျိုးများ များစွာရရှိမည်ဖြစ်သည်။ လှူဒါန်းမှုများပြုကြရာတွင် အလှူငွေ၊ အသုံးအဆောင် စသည့်လှူဖွယ်ဝတ္ထုပစ္စည်းများသည် “ဝတ္ထုဒါန”၊ ထိုအလှူဒါနနှင့်စပ်လျဉ်း၍ အလှူရှင်သန္တာန်၌ “စေတနာဒါန” တို့ဖြစ်စေသည်။ အလှူရှင်တို့သည် မလှူမီရှေ့ပိုင်းကာလ၌ ထိုအလှူနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်သော “ပုဗ္ဗစေတနာ”၊ အလှူပေးဆဲကာလ၌ ဖြစ်ပေါ်သော “မုဉ္စစေတနာ”၊ လှူပြီး နောက်ပိုင်းကာလ၌ ဖြစ်ပေါ်သော “ပရစေတနာ” ဤစေတနာသုံးတန်ဖြင့် လှူဒါန်းခဲ့ကြသောကြောင့် အကျိုးပေးထက်သန်မည် ဖြစ်သည်။
သူတော်ကောင်း အမျိုးကောင်းသားတို့သည် သဒ္ဓါဒါန၊ သက္ကစ္စဒါန၊ ကာလဒါန၊ အနဂ္ဂဟိတဒါန၊ အနုပဟစ္စဒါနဟူသည့် ဒါနငါးမျိုးဖြင့် လှူဒါန်းခဲ့ကြသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သည့် သဒ္ဓါဒါန၊ လှူဒါန်းဖွယ်ရာများကို ကောင်းမွန်စွာပြုလုပ်ပြီး တလေးတစားလှူဒါန်းခြင်း သက္ကစ္စဒါန၊ လှူဒါန်းဖွယ်ရာတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကာလဒါန၊ အလှူခံအား ချီးမြှောက်လို၍ လှူဒါန်းခြင်း အနုဂ္ဂဟိတဒါန၊ မိမိကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက် စေဘဲလှူဒါန်းခြင်း အနုပဟစ္စဒါန ဤငါးပါးနှင့်အညီ လှူဒါန်းခဲ့ကြသည်။ အလှူခံ ပုဂ္ဂိုလ်တို့ လိုအပ်နေချိန်တွင် ဖြည့်ပေးခြင်းကိုရောက်သဖြင့် နှစ်ဦးနှစ်ဝ အကျိုးပေး ထက်သန်မည်ဖြစ်၍ ထူးမြတ်သည့် ကြုံကြိုက်ခဲသော အလှူဒါနဖြစ်သည်။
ယခုအခါ မုန်တိုင်းဒဏ်သင့်ပြည်သူများအား မိုးမကျမီကာလအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ခိုင်ခိုင်မာမာဖြစ်အောင် အလျင်အမြန် အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များသည် အဓိကအားဖြစ်သလို ဘေးဒုက္ခရောက်ခဲ့ကြသူများအတွက်လည်း အားဖြစ်စေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွက်၊ ပြည်သူအတွက် မည်သည့်အကျိုး စီးပွားကိုမဆို အောင်မြင်အောင် ဖြည့်ဆည်းဆောင်ရွက်ရန် အသင့်ရှိသည်။ တိုင်းပြည် သာယာဝပြောပြီး နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အစဉ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ အကြောင်းကိစ္စရှိတိုင်း အားလုံး လက်တွဲပူးပေါင်း ကူညီဆောင်ရွက်ခြင်းဖြင့် ကောင်းကျိုးအဖြာဖြာတို့ကို ရရှိပိုင်ဆိုင် နိုင်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်