Skip to main content

ညီလာခံရဲ့ ရလဒ်တွေက နိုင်ငံရဲ့ အနာဂတ်ပညာရေးအတွက် အင်မတန်ကောင်းမွန်မယ်လို့ ယုံကြည်ပါတယ်

ဒေါက်တာစိုးဝင်း

မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၁၈ မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ညီလာခံတက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာစိုးဝင်း(အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန)

ပညာရေးညီလာခံကို မေ ၁၈ ရက် က စတင်ကျင်းခဲ့တာ ဖြစ်ပါတယ်။ Panel Discussion ပြုလုပ်ခဲ့ပါတယ်။ ညီလာခံ ဒုတိယနေ့မှာ Parallel Session ခု ပြုလုပ်ပါတယ်။ Session တစ်ခုကို စာတမ်း စောင်စီ ဖတ်ကြားပါတယ်။ Session ခုအနေနဲ့ စာတမ်း ၄၂ စောင် ပါဝင်ပါတယ်။ Session တိုင်းမှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ ရလဒ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ထွက်လာပါတယ်။

ဒီနေ့မှာ Session တစ်ခုစီကနေ ရလဒ်တွေ၊ အကြံပြုချက်၊ ရှေ့လုပ်ငန်းစဉ်တွေ အတည်ပြု ဆွေးနွေးကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးကောင်းမွန်ဖို့ ဘယ်အချက်ကို ဦးစားပေး ရမလဲဆိုတဲ့အချက်တွေကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာ ရရှိလာတဲ့ရလဒ်တွေကို စုစည်းပြီး အနှစ်ချုပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အကြံဉာဏ်၊ နည်းလမ်းတွေ ဝိုင်းပြီးပေးကြတာရှိပါတယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ခွဲခြားပြီး ရေတို၊ ရေရှည်စဉ်းစားပြီး ဆက်လက်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ တစ်ချို့အပိုင်းတွေက ချက်ချင်းအကောင်အထည်ဖော်လို့ရသလို တချို့ ရေရှည်လုပ်ဆောင်မယ့် အပိုင်းတွေဆိုရင် ရေရှည်အစီအစဉ်တွေ ဆွဲပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ညီလာခံက အလွန်ကောင်းမွန်တဲ့ ညီလာခံတစ်ခုဖြစ်ပါတယ်။ ဒီညီလာခံက ပညာရေးနဲ့ ဆက်စပ်တဲ့ဝန်ကြီးဌာနတွေ အားလုံး ပူးပေါင်းပါဝင်တဲ့အတွက် အမြင်မတူတာတွေ ရှိပါတယ်။ အမြင်မတူတဲ့ ဝေဖန်ဆွေးနွေးချက်တွေ ပါတဲ့အတွက် ပိုပြီး ကောင်းမွန်ပါတယ်။ ဒါကြောင့် ညီလာခံရဲ့ရလဒ်တွေက နိုင်ငံရဲ့ အနာဂတ် ပညာရေးအတွက် အင်မတန်ကောင်းမွန်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

ဒေါက်တာခင်မျိုးမြင့်ကြူ (ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပညာရေး

စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန

ပညာရေးညီလာခံကို သုံးရက်ကျင်းပသွားတယ်။ အတော်အားရပါတယ်။ လူသား အရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်တာက ပညာရေးဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံမှာ ပညာရေးက အဓိကဖြစ်ပါတယ်။ ပညာရေးက မွေးထုတ်ပေးလိုက်တဲ့ လူသားအရင်းအမြစ်တွေက နောင်တစ်နေ့မှာ နိုင်ငံကို အထောက်အပံ့ပြုမယ့်လူတွေ ဖြစ်ပါတယ်။ ပညာရေးကို ပုံဖော်ပေးလိုက်တာက နိုင်ငံကို ပုံဖော်ပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒီလို ညီလာခံ၊ နှီးနှောဖလှယ်ပွဲတွေ ကျင်းပတာက မှန်ကန်တဲ့စနစ်တွေ ကျင့်သုံးဖို့ အဖြေရှာတာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြပြီး ဒါကို ဘယ်လိုကျော်လွှားမလဲ အဖြေ ရှာကြပါတယ်။ ပထမနေ့က ဆွေးနွေးသွားတဲ့ ခေါင်းစဉ်တွေဆိုရင် နိုင်ငံမှာ တကယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြပါတယ်။ ဒုတိယနေ့က ပထမနေ့က ဆွေးနွေးတာ တွေကို အခြေခံပြီး အခန်းခွဲအလိုက် အသေးစိတ် ထပ်မံဆွေးနွေးကြပါတယ်။

ထူးခြားချက်က ဒီညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အောက်ခြေအဆင့်ထိ ပါပါတယ်။ အပေါ်မှာ လုပ်နေရတဲ့ မူဝါဒချမှတ်သူတွေက အောက်ခြေမှာ ဘာဖြစ်နေတယ်ဆိုတာကို တစ်ခါတစ်ရံမှာ မသိကြပါဘူး။ ဒီမှာ အောက်ခြေဝန်ထမ်းက တင်ပြကြတော့ လူကြီးတွေကိုလည်း အသိပေးရာရောက်ပါတယ်။ တကယ်အကောင်အထည်ဖော်နေတဲ့သူက ဘယ်လိုဖြေရှင်းကြရင် ကောင်းမလဲဆိုပြီး လက်တွေ့ပိုဆန်လာပါတယ်။ လက်တွေ့ဆန်လာရင် ပိုပြီး အကောင်အထည်ဖော်လို့ ရပါတယ်။ ဒီညီလာခံမှာ အခြေခံပညာနဲ့ ပတ်သက်ပြီး ကျောင်းနေမြဲရေး၊ ကျောင်းတက်နှုန်း မြင့်မားရေးတွေကို ဆွေးနွေးလိုက်တယ်ဆိုရင် ကလေးတွေ ကျောင်းနေပျော်လာ အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ခေါင်းစဉ်တစ်ခု ရလာပါတယ်။ ကျောင်းနေပျော်ပြီး စာတတ်မှသာ နိုင်ငံကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ဒီကလေးတွေထဲက နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ပညာရေးအဆင့်မြင့်ဖို့အတွက် အခရာအကျဆုံးက ဆရာတွေ ဖြစ်ပါတယ်။ ဆရာကဏ္ဍကို အရေးကြီးတဲ့ ကဏ္ဍကြီးတစ်ခုအနေနဲ့ ဆွေးနွေးသွားကြတယ်ဆိုတော့ ပညာရေးတိုးတက် ဖွံ့ဖြိုးဖို့ တကယ်စွမ်းဆောင်ပေးနိုင်တဲ့ ညီလာခံကြီးလို့ ဆိုချင်ပါတယ်။

ဒေါက်တာချိုချိုမြတ်အောင် (ပညာရေးမှူး - မွန်ပြည်နယ်)

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်စုံထောင့်စုံက အားလုံးဝိုင်းဝန်း ဆွေးနွေး အဖြေရှာကြတာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့် ပျိုးထောင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာတမ်းငယ် နံပါတ် ဖြစ်တဲ့ဆရာ၊ ဆရာမများ ပြုန်းတီးမှုလျော့ပါးစေရေးနှင့် လုပ်ငန်းခွင်ပျော်မွေ့စေရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတစ်ခု တင်သွင်းခဲ့ပါတယ်။

 ဒီလို ပြုန်းတီးလျော့ပါးမှုတွေက ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းအရင်းကိုသိတော့မှ တစ်ဖက်ကလည်း လျော့ပါးသွားတဲ့ ဝန်ထမ်းကို ပြန်လည်ဖြည့်ဆည်းဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ လျော့ပါးမှုနည်းအောင် ပြင်ဆင်ရမယ့်ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေအားလုံးက လုပ်ငန်းခွင်မှာပျော်ရွှင်မှု ရှိနေဖို့နဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း အပေါ်မှာ ကျေနပ်အားရမှုရှိဖို့က အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်တယ်ဆိုရင် လုပ်ငန်းခွင်မှာ တည်မြဲမှာဖြစ်ပါတယ်။ အလုပ်ကိုလည်း ပိုမိုအာရုံစိုက်ပြီး သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားရင်းနဲ့ တစ်ပြိုင်တည်း ပတ်ဝန်းကျင်ကိုလည်း တိုးတက်အောင်ကြိုးစားလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင်ကြားသင်ယူမှုကိုလည်း အောင်မြင်အောင် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ လျော့ပါးပြုန်းတီးမှုကို ကာကွယ်ဖို့ဆိုရင် အဆင့်ဆင့်သော တာဝန်ရှိသူတွေက ဆရာ ဆရာမတွေ အားလုံးရဲ့ ခံစားချက်တွေကို တစ်ပြေးညီထည့်သွင်းစဉ်းစားပြီး ဖြည့် ဆည်းပေးနိုင်သမျှကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ရှိနေတဲ့ သတင်း အချက်အလက်တွေ၊ နိုင်ငံတော်က ပံ့ပိုးပေးနေတဲ့ကိစ္စရပ်တွေ၊ တချို့လက်လှမ်း မမီလိုက်လို့ မသိလိုက်လို့ဖြစ်သွားတဲ့ ကိစ္စရပ်တွေမဖြစ်ပေါ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပညာရေးဆိုင်ရာ သတင်းအချက် အလက်တွေ၊ ကျန်တဲ့စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် တွေ အားလုံးကို ဆရာ ဆရာမတွေ သိရှိအောင် မျှဝေပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းရေးရာကိစ္စတွေ စီမံခန့်ခွဲတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ မူဝါဒအတိုင်း ထင်သာမြင်သာ ရှိအောင် ဝန်ထမ်းတိုင်း ကျေနပ်လက်ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမအသစ်တွေ နေရာချထားတဲ့အပိုင်းမှာလည်း ရပ်ရွာပြည်သူလူထုရဲ့ ကူညီစောင့်ရှောက် ဖေးမမှုနဲ့ တန်ဖိုးထားကြိုဆို မှုရရှိဖို့အတွက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒေါက်တာသက်သက်သင်း (ကျောင်းအုပ်ကြီး၊ ..က(၁၁) နေပြည်တော်)

အခြေခံပညာကဏ္ဍမှာ ရွေ့လျားသိပ္ပံနဲ့ပတ်သက်တဲ့ သင်ကြားသင်ယူမှု အထောက်အကူပြု သိပ္ပံဘာသာရပ်အတွက် စက်ပစ္စည်းတွေကို လာရောက် ခင်းကျင်းပြသတာဖြစ်ပါတယ်။ Draw A Star စက်တွေမှာဆိုရင် ကြယ်ပုံဆွဲပါတယ်။ ကြယ်ပုံဆွဲတယ်ဆိုရင် ကြယ်ပုံကို Mirror Effect နဲ့ ဆွဲတာဖြစ်ပါတယ်။ ကြေးမုံကနေ သက်ရောက်တဲ့ပုံက ပုံရိပ်ယောင်ဖြစ်နေတာပါ။ ပုံရိပ်စစ်ဆိုပေမယ့် အတည့်မပေါ်ဘဲ ပြောင်းပြန်ပေါ်နေတာ ဖြစ်ပါတယ်။ အမြင်အာရုံကနေ မြင်တာနဲ့ ဦးနှောက်နဲ့လက်က ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ဒီကြယ်ပုံလေးတွေက ထပ်တူကျဖို့ ခက်ခဲတယ်ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ ပြခန်းကို လာရောက်လေ့လာ တဲ့ ကျောင်းသား ကျောင်းသူတွေက ဒီကြယ်ပုံလေးကို ခက်ခက်ခဲခဲနဲ့ ထပ်တူကျအောင် ဆွဲကြည့်ပြီး ပျော်ရွှင်နေကြ တာကို တွေ့ရပါတယ်။

Flying Bird In the Cage စက်မှာဆိုရင် လှောင်အိမ်ထဲမှာ ငှက်တွေပျံသန်းတာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ လှောင်အိမ်ထဲမှာ ငှက်တွေ ပျံသန်းထားတာမရှိပါဘူး။ ရွေ့လျားမှုဖြစ်လိုက်တဲ့ အခါမှာ ငြိမ်နေတဲ့ပုံရိပ်တွေက လှောင်အိမ်ထဲမှာဝင်ပြီး ပျံသန်းနေတဲ့ ပုံသဏ္ဌာန်ဖြစ် နေပါတယ်။ အဖြူနဲ့ အမည်းငှက်ပုံသဏ္ဌာန်လေးတွေ တည်ဆောက်မှုပုံစံလေးတွေကနေ အမြင်အာရုံကို လှည့်စားသွားတဲ့ သဏ္ဌာန်ကို ပြသထားတာဖြစ်ပါတယ်။ Varying Landscape မှာဆိုရင် ရှုခင်းပုံစံ ပန်းချီတွေကို ဖလင်တစ်ခုနဲ့ခံပြီး ကြည့်လိုက်တဲ့အခါမှာ အလင်းအမှောင် အရောင်အမျိုးမျိုး ကွဲပြားသွားပါတယ်။ ဒီပုံစံကို ဗီဒီယိုစက်နဲ့ ရုပ်ရှင်ရိုက်တဲ့စက်တွေမှာလည်း အသုံးပြုပါတယ်။

Resonant Ring မှာဆိုရင် အသံထုတ်နိုင်တဲ့ ကွင်းတွေ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ လူရဲ့အသံ ထုတ်လာပြီးဆိုရင် လျှာရဲ့တည်ဆောက်ပုံ၊ တုန်ခါမှုကြောင့် အသံတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို ဒီကွင်းတွေကနေ ကြိမ်နှုန်းအနည်း အများကနေ စမ်းသပ်လို့ရတယ်ဆိုတာကို ပြသထားပါတယ်။ Aerial Imaging က ဝေဟင်ပုံရိပ်ဖမ်းစက်ဖြစ်ပါတယ်။ LED မီးလုံးလေးတွေကနေတစ်ဆင့် လှည့်လိုက်တဲ့အခါမှာ အရှိန်နဲ့ ဒီမီးလုံးလေးတွေနဲ့ စာတမ်းလေးတွေ ဖော်လို့ရပါတယ်။ ရုပ်ပုံလေးတွေလည်း ဖော်လို့ရပါတယ်။

ဒီပြသမှုတွေကနေတစ်ဆင့် သင်ခန်းစာအထောက်အကူ ပြုနိုင်တယ်ဆိုပြီးတော့ ရွေ့လျားသိပ္ပံအနေနဲ့ ဒီပြခန်းမှာ ပြသထားတာ ဖြစ်ပါတယ်။

ဦးမျိုးဦး(ဌာနမှူး၊ (စီမံ/ဘဏ္ဍာ) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်))

ဒီပြခန်းမှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ တက္ကသိုလ်နှစ်ခုက ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ဆိုတဲ့ ဌာနကြီးငါးခုရဲ့ လုပ်ဆောင်ချက်တွေကို ပါဝင်ပြသတာ ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ရန်ကုန်က ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်နဲ့ မန္တလေးတက္ကသိုလ်ကတော့ ပန်းချီ၊ ပန်းပုဆိုပြီး ပြသထားပါတယ်။

ဒါ့အပြင် ပန်းချီလက်ရာကို ချစ်မြတ်နိုးတတ်စေဖို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ကလေးတွေကို Hand Painting ရေးဆွဲ ပေးတာဖြစ်ပါတယ်။ ဒီဇိုင်းအမျိုးမျိုးမှာ ကလေးတွေကြိုက်နှစ်သက်ရာကို ရေးချယ်ပေးပါတယ်။ ကလေးတွေလည်း အတော့်ကို စိတ်ဝင်စားကြပါတယ်။

မဟာဝိဇ္ဇာဘွဲ့ယူကျမ်း၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ပြဋ္ဌာန်းချက်များ၊ တက္ကသိုလ်က ပြုစုထုတ်ဝေ သောစာအုပ်များ၊ သစ်သားပန်းပုထု ကိရိယာများ၊ Drawing Pencils Brushes Pallet တို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာနဲ့ ရုပ်ရှင် နှင့် ပြဇာတ်တို့ရဲ့ ဆောင်ရွက်ထားမှုတွေလည်း ပါဝင်ပါတယ်။

ဗဟုသုတရရှိစေဖို့ ရည်ရွယ်ချက်အနေနဲ့ ရသစာတမ်းများ စာအုပ်၊ သုတေသနစာတမ်းစာအုပ်၊ နိုင်ငံတော်မူမဟာဂီတသီချင်းကြီးများ၏ ဂီတသင်္ကေတများစာအုပ်နဲ့ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းများကို ရောင်းချပေးပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နဲ့ မန္တလေးရဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ရုပ်သေးရုပ်ကပြမှုနဲ့ တေးသီချင်းဖျော်ဖြေ မှုတွေကိုလည်း အားဖြည့်ထားပါတယ်။

ကျောင်းတွေကို စတင်တည်ထောင်ကတည်းက အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်တွေကို နောင်မျိုးဆက်သစ်လူငယ်တွေက ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အနုပညာဝါသနာပါတဲ့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူတွေကို ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွေက ဖိတ်ခေါ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ဒေါ်ခင်လေးလွင် (ဒုတိယညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန)

ဒီပြခန်းပြသရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာ သင်ရိုးညွှန်းတမ်းနဲ့ စက်မှုအထက်တန်း ကျောင်းတွေမှာသင်ကြားမယ့် ဘာသာရပ်တွေကို မိတ်ဆက်တာ ဖြစ်ပါတယ်။ အဓိကကတော့ KG+9 အောင်မြင်ပြီး ကျောင်းသား ကျောင်းသူတွေရဲ့ သက်မွေးပညာရပ်အနေနဲ့ အထောက်အကူဖြစ်စေဖို့ မိတ်ဆက်တာ ဖြစ်ပါတယ်။ KG+9 အောင်မြင်ပြီးတဲ့အခါ Grade 10 စိုက်ပျိုး ရေး၊ မွေးမြူရေး အတတ်ပညာသင်ရိုး ညွှန်းတမ်းတွေကို ပြသထားပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာ ပါဝင်တဲ့ သင်ထောက်ကူ ပစ္စည်းတွေကိုလည်း ပြသထားပါတယ်။

ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ၊ ဒီနှစ်မှာ ဖွင့်လှစ်မယ့် ခရိုင် ၅၀ မှာ ရှိတဲ့ ကျောင်းပေါင်း ၅၁ ကျောင်းရဲ့ တည်နေရာမြေပုံတွေကို ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေ၊ အများပြည်သူတွေ သိရှိစေဖို့ ပြသထားခြင်းဖြစ်ပါတယ်။ အခြေခံပညာ အလယ်တန်းအောင်မြင်ပြီးတဲ့အခါ အသက်မွေးဝမ်းကျောင်း တစ်ခုအနေနဲ့ တိုးတက်မှုရှိစေဖို့နဲ့ ဆက်လက်ပညာသင်ယူနိုင်တဲ့ အခွင့်အရေးတွေကို သိရှိစေချင်တဲ့အတွက် ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်ကို အခြေခံတဲ့လုပ်ငန်းကို လုပ်ကိုင်ချင်စိတ် ဖြစ်ပေါ်အောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ပညာရေးညီလာခံ ကျင်းပပေးတာ အလွန်ကောင်းမွန်ပါတယ်။ ဒီလိုညီလာခံ ကျင်းပပေးခြင်းက အခြေခံပညာအဆင့်၊ သက်မွေးပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်တွေမှာရှိတဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးခွင့်ရမယ့် အခွင့်အလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်နေတဲ့မူဝါဒတွေကိုလည်း ချမှတ်နိုင်တဲ့အပြင် ဆက်လက်ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

မဖြူဖြူစိုး(ကျောင်းသူ)

သူငယ်ချင်းတွေနဲ့အတူ ပညာရေးညီလာခံမှာခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လာရောက်လေ့လာတာ ဖြစ်ပါတယ်။ ပြခန်းတွေ အားလုံးကိုလည်း လေ့လာခဲ့ပြီးပါပြီ။ ပြခန်းတွေအားလုံးထဲမှာ သိပ္ပံနဲ့နည်းပညာပြခန်းကို စိတ်ဝင်စားပါတယ်။ သမီးရဲ့ ရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့အတွက် ကျန်းမာရေးပြခန်းကို ပိုပြီးလေ့လာဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပြခန်းက သမီးရဲ့ ရည်မှန်းချက်အတွက် အထောက်အကူပြုစေမယ့် ပြခန်းတစ်ခုလို့ မြင်မိပါတယ်။ ပြခန်းတွေလည်း အများကြီးပြသထားတဲ့အတွက် သမီးတို့ မသိသေးတဲ့ပညာရပ် တွေကို တွေ့မြင်လေ့လာရလို့ ဗဟုသုတတွေလည်း ရရှိပါတယ်။ ပညာရေးအတွက် အထောက်အကူ ပြုစေမယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း - ဝင်းသန့်

ဓာတ်ပုံ- ထိန်နန်နော်