နေပြည်တော် မေ ၂ဝ
တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်များမှ စစ်သည်များနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များပါဝင်သည့် အင်အား ၃၉ ဦးနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ ဝန်ကြီးဌာနများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့်အိမ်သာခွက်များ၊ အိမ်သာပိုက်များ၊ မိုးကာလိပ်များ၊ တာဘိုလင်များ၊ ရေပိုက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ လူ(၄၀)ဦးဆံ့ မိုးကာတဲများ၊ လူ(၁၀)ဦးဆံ့ မိုးကာတဲများ၊ ရေသန့်ဘူးများ၊ အာလူးအိတ်များ၊ ကြက်သွန်နီအိတ်များ၊ ကြက်သွန်ဖြူအိတ်များ၊ အခြားစားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၅ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ယနေ့တွင်လည်း တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဝန်ကြီးဌာနများ၊ စေတနာရှင်အလှူရှင်များနှင့် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ရေစက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ရေသန့်စင်ဆေးပုံးများ၊ ရေသန့်စက်ပစ္စည်းများ၊ ရေပိုက်များ၊ မိုးကာလိတ်များ၊ အိမ်သာခွက်များ၊ ဆေးပစ္စည်းများ၊ ရွက်ဖျင်တဲများ၊ ချိန်းစောများ၊ တစ်ကိုယ်ရည်အသုံး အဆောင်ပစ္စည်းများ၊ ကြက်ဥဖာများ၊ ကြက်/ဝက်အူချောင်းဖာများ၊ မီးစက်များ၊ အိမ်ဆောက်သံများ၊ တံရွင်းပြားများ၊ သံတရွင်းများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ရေတုန်ငင်များ၊ အဝတ်အထည်များ၊ ရေခဲသေတ္တာများ၊ CPL ကား ၁ စီး၊ ဘဲဥများ၊ အခြားစားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၇ ကြိမ်ပို့ဆောင်ပေးခဲ့သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်များမှ စစ်သည် ၁၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၄၂ ဦးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တံတားဦးလေဆိပ်မှ စစ်တွေလေဆိပ်သို့ ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့် ၄ ကြိမ် ပို့ဆောင်ပေးခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစု ပေါင်း ၆၀၀ ဦးထိ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် လုပ်ဆောင်ရန်အတွက်ရောက်ရှိလာသော ပစ္စည်းများကိုတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။