နေပြည်တော် မေ ၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခံရသည့် လေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိရွှေအမ်းတောင်ခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်း၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရသည့် လေဘေးသင့် ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထောက်ပံ့ပေးငွေမှ သွားလာမှုလွယ်ကူသော ရပ်ကွက်/ ကျေးရွာအုပ်စု ၅ စုတို့အား လူတစ်ဦး တစ်ရက်လျှင် ဆန် ၂ ဘူးနှုန်းဖြင့် ၅ ရက်စာအတွက်လည်းကောင်း၊ လူတစ်ဦးတစ်ရက်လျှင် ဆီ ၁ ကျပ်သားနှုန်းဖြင့် ၅ ရက်စာအတွက်လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ဆား ၂ ထုပ်နှုန်းဖြင့်လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ငါးပိ ၁၅ ကျပ်သားနှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဆန် ၁၃၂ အိတ်၊ ဆီ ၆၇ ပိဿာ၊ ဆား ၈၁၆ ထုပ်၊ ငါးပိ ၉၁ ပိဿာတို့အား ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။